September 19, 2024

၁၀. ၈. ၂၀၂၄
Written by Nay Moe

တိုက်ပွဲ ပြင်းထန်နေတဲ့ သီပေါမြို့မှာ လူသတ်၊ လုယက်၊ မုဒိမ်းကျင့်သူတွေ အပါအဝင် အကျဥ်းသား ၁၀၉ ဦးရှိနေတဲ့ သီပေါ​ထောင်ကို တအာင်းလက်နက်ကိုင် TNLA က ဒီနေ့မှာ ဖောက်ထွင်းခေါ်ထုတ်လာတယ်လို့ သိရပါတယ်။

TNLA ဖောက်ထွင်းခေါ်ထုတ်တဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးအမှုက ၂၉ ဦး၊ မူးယစ်မှု ၆၁ ဦးနဲ့ လုယက်မှု ၅ ဦး၊ မုဒိမ်းမှု ၂ ဦး၊ လူသတ်မှု ၁ ဦး ပါဝင်တယ်လို့ TNLA ဆက်နွှယ်ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပြီး ထောင်ဝန်ထမ်းတချို့ ဖမ်းမိခဲ့သလို အကျဥ်းသား ၉၀ လောက်ကတော့ လွတ်မြောက်သွားတယ်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကလည်း AA လက်နက်ကိုင်တွေဟာ သံတွဲထောင်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသား ၄၃ ဦး အပါအဝင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှုစတဲ့ ရာဇဝတ်မှုအသီးသီး ကျူးလွန်လို့ ပြစ်ဒဏ်ကျခံနေကြတဲ့ အကျဉ်းသား (၃၇၂) ဦးကို ထောင်ဖောက်ထုတ်ယူရာမှာ နိုင်ငံရေးပုဒ်မနဲ့ကျခံနေသူ နှစ်ဦးသေပြီး ရာဇဝတ်သားငါးဦးသေခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ ဩဂုတ် ၆ ရက်ကစပြီး မသေဘဲကျန်နေတဲ့နိုင်ငံရေးပုဒ်မနဲ့ဖမ်းဆီးခံ ၄၁ ဦးကို သက်ဆိုင်ရာနေအိမ်တွေပြန်ပို့ပေးပြီး ရာဇဝတ်ကျုးလွန်သူတွေဆက်ဖမ်းထားတယ်ပြောပါတယ်။

ပြီးခဲ့တဲ့မေလကုန်မှာလည်း AA က ဘူးသီးတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး မုဒိမ်းမှု၊ လူသတ်မှု၊ မူးယစ်ဆေးမှုနဲ့ နိုင်ငံရေးမှုတွေနဲ့ ဖမ်းဆီးထားသူ ၉၈ ဦးကို လွှတ်ပေးခဲ့သလို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာလည်း ရဲစခန်း တိုက်ခိုက်ခံရတာကြောင့် ရဲအချုပ်စခန်းက အချုပ်သားတွေကို လွတ်မြောက်သွားမှုရှိခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင်လဆန်းက မတူပီမြို့သိမ်းတိုက်ပွဲမှာ အကျဥ်းသား ၁၃ ဦး လွတ်မြောက်ခဲ့တယ်လို့ မတူပီတပ်မဟာ (၁) က ပြောခဲ့သလို ဇူလိုင် ၂၀ ရက်မနက်ကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းကို CDF Hakha က ဝင်တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ရတဲ့အပြငိ ရာဇဝတ်မှုတွေ၊ နိုင်ငံရေးမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့အချုပ်သား ၆၂ ဦးကိုလည်း လွှတ်ပေးခဲ့ကြပါတယ်။

ဒါ့အပြင် လားရှိုးအကျဥ်းထောင်ကိုလည်း MNDAA က ဇူလိုင် ၂၈ ရက်တုန်းက ဖောက်ထွင်းတိုက်ခိုက်မှုမှာ အကျဥ်းသား ၁၀၀ ကျော် သေခဲ့သလို အကျဥ်းသား ၁၃၀၀ ကျော် MNDAA ဆက်ဖမ်းထားပြီး အကျဥ်းသား ၁၃၀ ကျော်ကို TNLA ထံပြန်လွှဲထားပေးပေမဲ့ အကျဥ်းသား ၈၀၀ လောက်ကတော့ ထွက်ပြေးပျောက်ဆုံးတဲ့ဖြစ်စဥ်ဖြစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာန ဖော်ပြထားမှုအရ သိရပါတယ်

ပုံစာ။ သီပေါထောင်မှ လူသတ်၊ လုယက်၊ မုဒိမ်းကျင့်၊ နိုင်ငံရေးပုဒ်မအကျဥ်းသားများ TNLA ခေါ်ထုတ်နေစဥ်(Shwe Phee Myay News Agency)

Leave a Reply

Your email address will not be published. Required fields are marked *