September 19, 2024

၁၀.၈. ၂၀၂၄
Written by Shwe Phyo

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုများ မကြာမီ ပြန်လည်ရရှိခြင်းကို တွေ့မြင်လိုပြီး စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကို မတွေ့မြင်လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က သြဂုတ် ၉ရက်နေ့က ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် AFP သတင်းဌာနမှ မြန်မာအစိုးရက ၎င်းတို့၏ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း စစ်ဌာနချုပ်ကို ဆုံးရှုံးခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် အထူးကိုယ်စားလှယ် Deng Xijun သည် မြန်မာအစိုးရကို လာရောက်တွေ့ဆုံခဲ့ကြောင်း၊ တရုတ်အထူးကိုယ်စားလှယ်၏ အဆိုပါခရီးစဉ်နှင့်ပတ်သက်ပြီး သတင်းအချက်လက်ကို မျှဝေပေးလိုကြောင်း မေးမြန်းခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမာအိုနင်က ” မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံရဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေခဲ့တယ်။ မြန်မာနိုင်ငံမှာ စစ်ပွဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေတာတွေကို မတွေ့လိုဘူး။ မြန်မာ နိုင်ငံမြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံအတွင်းမှာ မကြာမီ တည်ငြိမ်မှုတွေ ပြန်လည်ရရှိမယ်လို့ မျှော်လင့်ထားတယ်။ တရုတ်အစိုးရဟာ တိုက်ပွဲတွေရပ်တန့်ဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုနေပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေ၊တိုင်ပင်မှုတွေကတစ်ဆင့် အခက်အခဲပြဿနာတွေကို ဖြေရှင်းဖို့ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တောင်းဆိုနေပါတယ်။ မြန်မာနိုင်ငံမှာ စောစီးစွာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှုနဲ့ တိုင်းရင်းသားအားလုံး စုစည်းညီညွတ်မှုတွေရအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟုပြောသည်။

တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲများဖြစ်လာစေရန် အရှိန်မြှင့်ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်းဆုံးစွမ်းဆောင်နိုင်ရန်ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံပြောဆိုခဲ့သည်။

REF, chinanews

Leave a Reply

Your email address will not be published. Required fields are marked *