September 19, 2024

‌၁၀. ၈. ၂၀၂၄
Written By Thandar

Channel 8 Myanmar က ပြည်တွင်းသာမက ပြည်ပနိုင်ငံရုပ်ရှင်ပွဲတော်တွေမှာပါ ပြသသွားဖို့ရိုက်ကူးထားတဲ့ “မြူနဲ့ရေးတဲ့ တိမ်”ဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ ဩဂုတ် ၁၀ ရက် ‌နေ့လယ်ပိုင်းက ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ ကျင်းပခဲ့တယ်။

“ဒီဇာတ်လမ်းတွဲလေးက ပုံစံလေးကတစ်မျိုးလေးပေါ့။ ဒီထဲမှာဆိုရင် ပန်းရောင်က မြလဲ့ဆိုတဲ့ ကောင်မလေး ကာရိုက်တာနေရာကနေ ပါဝင်ရမှာပါ။ အရင်ခေတ်ပုံစံလေးတွေ အဝတ်အစားလေးတွေနဲ့ မြင်ရမှာပါ။ သေချာတာတော့ ဇာတ်လမ်းပုံစံက ဒီခေတ်ကာလ ဇာတ်လမ်းပုံစံမျိုးမဟုတ်ပါဘူး။ ဒီမှာပါဝင်တဲ့ သရုပ်ဆောင်တွေကအစ Team တစ်ခုလုံးကလည်း ပြင်ဆင်မှုအပိုင်းမှာလည်း သေချာကြိုးစားပြီး ပြင်ဆင်ထားကြတယ်။ ဒီဇာတ်လမ်းတွဲကလည်း ပြည်ပမှာ ပြသမှာပါ”လို့ သရုပ်ဆောင် ပန်းရောင်ခြယ်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ရွှေပြည့်က ရေးသားကာ ဒါရိုက်တာ EMMA နဲ့ တွဲဖက် ဒါရိုက်တာ Zee တို့ရိုက်ကူးမဲ့ ဒီဇာတ်လမ်းတွဲက ၁၉၇၀ ပြည့်နှစ်ဝန်းကျင်က ရိုမန့်၊ ဒရာမာဇာတ်လမ်းပုံစံ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေဖြစ်တဲ့ ပန်းရောင်ခြယ် ၊ အုပ်စိုးခန့် ၊ Ashley Bay Bay ၊ မင်းခန့်သူရိန်၊ ဂူဂူး၊ အိမ့်ဆု၊ ဂွမ်းပုံကြီး၊ ရဲမွန်၊ ဆုထက်ကုဋေ စတဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူး ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

၂၅ မိနစ်စာ အပိုင်း ၁၂ ပိုင်းစာပါဝင်မယ့် “ မြူနဲ့ရေးတဲ့ တိမ်” ဇာတ်လမ်းတွဲကို Channel 8 Myanmar Production က ရန်ကုန် ၊ ကလော ၊ ပင်းတယဒေသဘက်မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *