September 19, 2024

၁၀.၈.၂၀၂၄
Written By Thandar

တေးရေးမေသော်ရဲ့ အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ တေးသီချင်းတွေကို ပြန်လည်ခံစားနားဆင်နိုင်စေမယ့် “တကယ်ဆိုရင်အချစ်ပဲလိုတယ်” ဂီတဖျော်ဖြေပွဲကို နာမည်ကျော်အဆိုတော်ကြီးတွေ ပါဝင်ဖျော်ဖြေသွားမှာလည်းဖြစ်ပါတယ်။

အဆိုပါဖျော်ဖြေပွဲကိုတော့ ယနေ့ ဩဂုတ် ၁၀ ရက် ည ၇နာရီက စတင်ပြီးတော့ Novotel Hotel မှာ ကျင်းပမှာဖြစ်ပါတယ်။
“အန်တီမေသော်လို့ ချစ်ခင်စွာနဲ့ခေါ်ရတဲ့ တေးရေး မေသော်ရေးထားတဲ့ သီချင်းတွေကို ပြန်ပြီးတော့ ချောစုတို့ အနုပညာရှင် အားလုံးက ပြန်လည်သီဆိုမယ့် ရှိုးပွဲလေးရှိပါတယ်။ အဲဒီ ရှိုးပွဲလေးမှာ လာရောက်ကြည့်ရှုဖို့အတွက် အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်”လို့ အဆိုတော် ချောစုခင်က ပြောပါတယ်။

ဒီ Music Concert မှာတော့ နာမည်ကျော်အဆိုတော်တွေဖြစ်တဲ့ ဇော်ပိုင်၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ နေမင်းအိမ်၊ ဟေမာနေဝင်း၊ ချောစုခင်၊ အိုင်ရင်းဇင်မာမြင့်၊ မီးနို၊ ဂျူဝယ်၊ ကေကေမိုး၊ ဝတ်ရည်ထက်၊ ဖြူဖြူဟန်၊ ဆုထက်လှိုင်နဲ့ ချမ်းမြေ့မောင်ချိုတို့က ပါဝင်သီဆိုဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ‘တကယ်ဆိုရင် အချစ်ပဲလိုတယ်’ ဂီတဖျော်ဖြေပွဲရဲ့ လက်မှတ်များကိုတော့ “တကယ်ဆိုရင် …အချစ်ပဲ လိုတယ်” Music Concert Page ဖြစ်တဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဝယ်ယူရမှာဖြစ်ပါတယ်။

“ချစ်ရတဲ့ အန်တီမေသော်ရဲ့ သီချင်းကောင်းများစွာကို တင်ဆက်မယ့် ပွဲတစ်ပွဲဖြစ်ပါတယ်။ အိုင်ရင်းကိုယ်တိုင်လည်း ပါဝင်သလို အိုင်ရင်းတို့ ဂီတအနုပညာရှင် မောင်နှမတွေလည်း အများကြီး ပါဝင်တဲ့ပွဲဖြစ်တဲ့အတွက် ဘယ်လို သီဆိုဖျော်ဖြေကြမလဲဆိုတာ မကြာခင်သိရမှာပါ။ ပရိသတ်အကြိုက်တွေ့စေခဲ့တဲ့ သီချင်းတွေကို ပရိသတ်နဲ့ ရင်ဘတ်ချင်းထိမယ်လို့လည်း မျှော်လင့်ပါတယ်” လို့ အဆိုတော် အိုင်ရင်းဇင်မာမြင့်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *