September 19, 2024

၁၀. ၈. ၂၀၂၄
Written by Nyein Kyaw

အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်ရန် ကြေညာထားမှု ခြောက်လကျော်ပြီဖြစ်သည့်အပြင် ကင်းလွတ်ခွင့်များလည်း ပေးထားခဲ့ပြီးဖြစ်သောကြောင့် မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အ‌ရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဩဂုတ်လ ၉ ရက် (ယမန်နေ့)တွင် အသိပေးထုတ်ပြန်ထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် (၅၀/ ၂၀၂၃) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချသော ကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းများသည် မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်သည်။

အဆိုပါအမိန့်ကြော်ငြာစာတွင် ထုတ်ပြန်ပြီး (၆)လ ပြည့်မြောက်သည့်နေ့မှစ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် ဥပဒေပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားပြီးဖြစ်သည်။ အဆိုပါ ဥပဒေအရ အရေးယူခံရသူသည် ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရမည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်ခံရမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြသူများအနေဖြင့် eComReg System www. ecomreg.gov.mm တွင် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားရယူကြရန်နှင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူခြင်းမရှိဘဲ ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင် အသိ ပေးကြေညာထားသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ခွင့်ပြုခဲ့သော မှတ်ပုံတင်များအတွက် သက်တမ်း ၆ လဖြင့် မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။

ယင်းနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်း မှတ်ပုံတင်ခြင်းအတွက် မှတ်ပုံတင်ကြေး ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်သက်တမ်း ယခင် ၆ လအစား ၂ နှစ်အထိ ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အသိပေးကြေညာထားပြီးဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်ခွင့်ပြုခဲ့သည့် သက်တမ်း (၂) နှစ်ရှိ မှတ်ပုံတင်ကြေးမှာ ကုမ္ပဏီ (သို့) စီးပွား‌ရေးအဖွဲ့များ၏ မှတ်ပုံတင်ကြေး ကျပ် ၇၀,၀၀၀၊ သက်တမ်းတိုးကြေး ကျပ် ၇၀,၀၀၀၊ ပြင်ဆင်ကြေး တစ်ချက်လျှင် ကျပ် ၃,၀၀၀ ကောက်ခံသွားမည်ဖြစ်သည်။

SME လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုထားသည့် အထောက်အထား တစ်ခုခုပါရှိသည့် ကုမ္ပဏီ(သို့) စီးပွားရေးအဖွဲ့အစည်း၏ မှတ်ပုံတင်ကြေး ကျပ် ၅၀,၀၀၀၊ သက်တမ်းတိုးကြေး ကျပ် ၅၀,၀၀၀၊ ပြင်ဆင်ကြေး တစ်ချက်လျှင် ၃,၀၀၀ ကျပ်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း မှတ်ပုံတင်ကြေး ကျပ် ၃၀,၀၀၀၊ သက်တမ်းတိုးကြေး ကျပ် ၃၀,၀၀၀၊ ပြင်ဆင်ကြေး တစ်ချက်လျှင် ကျပ် ၃,၀၀၀ ဖြင့် အသီးသီးကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *