September 19, 2024

၁၀.၈.၂၀၂၄.
Translated by Htwe Ko Tun

ခရီးသည် ၆၁ ဦးတင်ဆောင်လာသော ခရီးသည်တင်လေယာဉ်တစ်စီးက ဘရာဇီးနိုင်ငံ၊ ဆော်ပေါလိုမြို့ အနောက်မြောက်ဘက်၊ မိုင် ၅၀ ခန့်အကွာတွင် ဩဂုတ်လ ၉ ရက်မွန်းလွဲပိုင်းက ပျက်ကျခဲ့ကြောင်း Voepass လေကြောင်းလိုင်းက ကြေညာ ချက်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လေယာဉ်ပျက်ကျမှုကို ရိုက်ကူးထားသော ဗီဒီယိုများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံလာခဲ့ရာ လေယာဉ်က ပျက်ကျပြီးနောက် လေယာဉ်ကိုယ်ထည်ထိခိုက်ပျက်စီးကာ မြေပြင်မှ မီးခိုးလုံးကြီးများတက်လာသည်ကို တွေ့ခဲ့ကြရသည်။

Voepass လေကြောင်းလိုင်းက ကုမ္ပဏီအနေဖြင့် လေယာဉ်ပျက်ကျမှုတွင် သေဆုံးရသူ ၆၁ ဦးထံသို့ အသိပေးအကြောင်း ကြားရန် အထူးပင် စိတ်မကောင်းဝမ်းနည်းမိကြောင်း ၎င်း၏ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။ အဆိုပါပျံသန်းမှုခရီးစဉ်အမှတ် ၂၂၈၃ ဖြင့် ပျံသန်းလာသောလေယာဉ်ပေါ်တွင် ခရီးသည် ၅၇ ဦးနှင့် လေယာဉ်ဝန်ထမ်းလေးဦးလိုက်ပါလာကြောင်းသိရသည်။

လေကြောင်းလိုင်းတာဝန်ရှိသူများက ခရီးသည်များအားလုံးမှာ ဘရာဇီးနိုင်ငံသားများဖြစ်ကြကြောင်း၊ သို့သော် နှစ်နိုင်ငံ နိုင်ငံသားလက်မှတ်ကိုင်ဆောင်သူတစ်ဦးဦးပါဝင်မှုရှိမရှိ သေချာမှုမရှိကြောင်း ပြောခဲ့ကြသည်။

လေယာဉ်က အင်ဂျင်နှစ်လုံးတပ် ATR 72-500 အမျိုးအစားလေယာဉ်ဖြစ်ကြောင်းသိရကာ အမြင့်ပေ ၁၇,၀၀၀ မှ တစ်မိနစ်ခန့်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျရခြင်း၏အကြောင်းရင်းကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

လူမှုကွန်ရက်ပေါ်ရှိဗီဒီယိုများတွင် လေယာဉ်က ကောင်းကင်မှ ချာလပတ်လည် မနားတမ်းထိုးဆင်းလာရာ မြေပြင်ပေါ်ရှိတွေ့မြင်သူများက ကြောက်လန့်တကြားအော်ဟစ်ကြသည်ကို တွေ့ကြရသည်။ သို့သော် လေယာဉ်ပျက်မှုကြောင့် မြေပြင်ရှိ လူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း သိရသည်။

လေယာဉ်က ဘရာဇီးနိုင်ငံ၊ ပါရာနားပြည်နယ်၊ ကတ်စကာဗယ်လ်မြို့မှ ဆော်ပေါလိုပြည်နယ် ဂွာရူလ်ဟိုစ်မြို့သို ပျံသန်းလာခြင်းဖြစ်ကာ ဒေသစံတော်ချိန် မွန်းလွဲ ၁း၃၀ နာရီတွင် အဆက်အသွယ်ပြတ်သွားခဲ့ခြင်းဖြစ်သည်။

Ref———CNN

Leave a Reply

Your email address will not be published. Required fields are marked *