MT News
ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက ငါန်းဇွန်မြို့နယ်တွင် စိုက်ခင်းဆေးဖြန်းနေသော ရာအိမ်မှူးနှင့် စျေးဝယ်ထွက်လာသည့် ပြည်သူ ၂ ဦးတို့အား သေနတ်သမားလေးဦးက ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသထံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာရှိ အသက် ၄၇ နှစ်အရွယ် ရာအိမ်မှူးဆိုသူ ဦးရန်အေးနှင့် အသက် ၄၅ နှစ်အရွယ် ၎င်း၏ဇနီးတို့သည် ယာခင်းအတွင်း ကုလားပဲစိုက်ခင်းအား ဆေးဖြန်းနေစဉ် အမည်မသိအမျိုးသား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့်ရောက်လာပြီး ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးရာ ဦးရန်အေးမှာ ယာဘက်ဂျိုစောင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ကိုကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံကိုကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်၊ ဝဲဘက်ဒူးကိုဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ အသီးသီးရရှိကာ နေရာတွင်သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ သေနတ်သံကြား၍ ထွက်ပြေးခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။
အလားတူပင် ၁၀ နာရီခွဲတွင် ငါန်းဇွန်မြို့နယ်၊ ရွာဘိုတောင်နှင့်မြောက်ကျေးရွာကြားတွင် ငါန်းဇွန်မှ ငါန်းမြာကြီးသို့သွားသည့်ကားလမ်းပေါ်တွင် ငါန်းဇွန်မြို့နယ်၊ ညောင်လေးပင်ကျေးရွာနေသူ အသက် ၃၇ နှစ်အရွယ်အမျိုးသား(ရွာခွဲခေါင်းဆောင်)နှင့် အမျိုးသမီး ၂ ဦးတို့သည် ငါန်းဇွန်မြို့ပေါ်သို့ ဆိုင်ကယ်ဖြင့် ဈေးဝယ်ရန် ထွက်ခွာလာစဉ် ဦးရန်အေးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ၄ ဦးတို့မှ အဆိုပါအမျိုးသားနှင့်အမျိုးသမီးတို့အား သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ အမျိုးသမီးတွင် ဝဲဒူးခေါင်း ရှပ်ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး ရွာခွဲခေါင်းဆောင်ဆိုသူသည် ဦးခေါင်းနောက်စေ့ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိစဉ် သေဆုံးသွားကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သတ်၍ သေနတ်သမား ၄ ဦးအား သက်ဆိုင်ရာအဖွဲ့များမှ လိုက်လံစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။