၂၄.၆.၂၀၂၄
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ၊ ဟွာဆုန်းမြို့(Hwaseong) ရှိ လီသီယမ် ဘတ္ထရီစက်ရုံတစ်ရုံတွင် ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး မီးလောင်ကျွမ်းမှုတစ်ရပ် ယနေ့ ဇွန်လ ၂၄ ရက်တွင်ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၆ ဦးသေဆုံးခဲ့ကြောင်းနှင့်ရှာ ဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသူငါးဦးကို လိုက်လံရှာ ဖွေနေဆဲဖြစ်ကြောင်း ဌာနေ မီးသတ်တပ်ဖွဲ့ဝင်များက ပြောခဲ့ကြသည်။
ပြင်းထန်စွာလောင်ကျွမ်းခဲ့သောမီးက ဆိုးလ်မြို့တော်မှ အနောက်တောင်ဘက်သို့ မိနစ် ၉၀ ကြာခန့်သွားရသော ဟွာဆုန်မြို့ရှိ Aricell ကုမ္ပဏီ၏ ဘတ္ထရီစက်ရုံတစ်ခုလုံးကို ဝါးမျိုသွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် စက်ရုံ၏ဂိုဒေါင်အတွင်းရှိ ဓာတ်ခဲ ၃၅,၀၀၀ ခန့် မီးလောင်ပေါက်ကွဲခဲ့သည်။.မီးကိုငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်သော်လည်း မီးလောင်မှုကိုဖြစ်စေခဲ့သော စတင်ပေါက်ကွဲမှုက မည်သည်ကြောင့်ဖြစ်သည်ကို ရှင်းလင်းစွာမသိရသေးကြောင်းလည်း မီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။
မျက်မြင်တွေ့ရှိသူတစ်ဦးက မီးသတ်သမားများက အလောင်းခြောက်လောင်းကို စက်ရုံအပြင်သို့ထုတ်သွားသည်ကို တွေ့ခဲ့ရကြောင်းလည်း ပြောခဲ့သည်။ Yonhap သတင်းဌာနက စက်ရုံထဲတွင် မီးလောင်မှုကြောင့် သေဆုံးသူ ၂၀ ဦးအထိရှိသည်ဟုဖော်ပြခဲ့သော်လည်း ဒေဂျွန်တက္ကသိုလ်မှ မီးနှင့် ကပ်ရောဂါတားဆီးရေးဆိုင်ရာပါမောက္ခ ကင်ဂျေဟိုက ဖြစ်ရပ်တွင် ၁၆ ဦးသေဆုံးခဲ့ကြောင်း၊ နှစ်ဦးမှာမီးလောင်ဒဏ်ရာ များရခဲ့ပြီး အခြားသူများတွင်လည်း ပြင်းထန်သောဒဏ်ရာများရခဲ့ကြောင်းပြောခဲ့သည်။
၎င်းကကယ်ဆယ်ရေးသမားများက စက်ရုံအတွင်းပျောက်ဆုံးနေသူငါးဦးကို ရှာဖွေနေကြကြောင်းလည်း ပြောခဲ့သည်။ မီးကလျင်မြန်စွာ ကူးစက်လောင်ကျွမ်းရာတွင်အလုပ်သမားများမှာ ထွက်ပြေးလွတ်မြောက်ရန်မလွယ်ကူဖြစ်ခဲ့ရသည်ဟု ကင်က ပြောခဲ့သည်။ ထို့ပြင် ၎င်းက ဘက်ထရီအစိတ်အပိုင်းများဖြစ်သော နစ်ကယ်ကဲ့သို့ပစ္စည်းများက လွယ်ကူစွာဖြင့် မီးလောင်ကူးစက်နိုင်ကြောင်းလည်းပြောခဲ့သည်။
၂၀၂၀ ခုနှစ်တွင် တည်ထောင်ခဲ့သော Aricell ကုမ္ပဏီ၏ စက်ရုံက အာရုံခံကိရိယာများနှင့် ရေဒီယိုဆက်သွယ်ရေးကိရိယာများအတွက် ဓာတ်ခဲများကိုထုတ်လုပ်ပေးလျက်ရှိပြီး ၎င်းတွင် အလုပ်သမား ၄၈ ဦး ရှိသည်ဟုဆိုသည်။
Ref-Reuters