October 18, 2024

၂၄. ၆. ၂၀၂၄
Written by Nay Moe

NUG နိုင်ငံခြားရေးဝန်ကြီးဌာန အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံး ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုင်းဇက်ခင်က အတွင်းရေးမှူး အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် အမြတ်ထုတ်မှုအပေါ် ဒေါ်ဇင်မာအောင်၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အရေးမယူသည့်အပြင် လိင်စော်ကားခံရသူများကို အလုပ်ထုတ်မှုကိုလည်းအရေးမယူမှုအပေါ် ရှုတ်ချကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးတွင်၂ဝ၂၃ ခုနှစ်၊ ဧပြီလမှ စတင်ကာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သော အမျိုးသမီးကို ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်မှ အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် အမြတ်ထုတ်ခဲ့သည်ဟု ကာယကံရှင် အမျိုးသမီးထံမှ ကြားသိရပြီး ကျုးလွန်ခံရသူ အမျိုးသမီးသည် တရားမျှတမှု ရရှိရန်နှင့် ကျုးလွန်သူအား ထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုင်ကြားမှုပြုလုပ်ခဲ့သော်လည်း ဝန်ကြီးဌာနအနေဖြင့် ထိရောက်သည့် အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် ကျူးလွန်ခံရသူအမျိုးသမီးနှင့် အခြားဝန်ထမ်းနှစ်ဦးအား မတရား ရာထူးမှ ရပ်နားခဲ့သည့် လုပ်ရပ်အပေါ် မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ပြင်းထန်စွာ ရှုတ်ချသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

အလားတူပင် ၂၀၂၃ ခုနှစ်၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် NLD ပါတီ မြို့နယ် အလုပ်အမှုဆောင်၊ အတွင်းရေးမှူး ဦးအောင်မင်းမှ CDM ဆရာမ၏ (၅) နှစ်အရွယ်သမီးငယ်အား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တိုင်ကြားခဲ့သော်လည်း ကျူးလွန်ခံရသူသည် ယနေ့အချိန်ထိ တရားမျှတမှုမရရှိသေးပေ။ ကျူးလွန်သူ ဦးအောင်မင်းကိုလည်း ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့် ပေးလျက်ရှိသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ အခြားလက်နက်ကိုင်အဖွဲ့အစည်းများ အုပ်ချုပ်သည့် နယ်မြေဒေသတွင် ဖြစ်ပွားသော ကျား-မ အခြေပြု
အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများကို ထိရောက်စွာ အပြစ်ပေးအရေးယူရန် ပျက်ကွက်ပြီး ကျူးလွန်သူသည် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရနေသည်။

ပိုမိုကောင်းမွန်သော၊ တရားမျှတမှုရှိသော လူမှုအသိုင်းအဝိုင်းတစ်ရပ်ကို တည်ထောင်ရန် ကြိုးပမ်းနေသည့် အဖွဲ့အစည်းများ အနေဖြင့် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ပေးနေသည့် အလေ့အထ (System of Impunity) ကို ဦးစားပေးတိုက်ဖျက်သွားရန် အထူးလိုအပ်သောကြောင့် အိန္ဒိယ မြန်မာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်မှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှုအပါအဝင်၊ အလားတူ အကြမ်းဖက်မှုများကို ကျူးလွန်သည့် ကျူးလွန်သူများအား ထိရောက်စွာ အပြစ်ပေးအရေးယူရန်နှင့် နစ်နာသူ အမျိုးသမီး၊ မိန်းကလေးငယ်များအတွက် အမှန် တရား၊ တရားမျှတမှု အမြန်ဖော်ဆောင်ပေးရန် မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အား လေးနက်စွာတိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *