၂၄.၆.၂၀၂၄
Written by TZ
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မိုင်းယု (၁၀၅) မိုင်ကျေးရွာအုပ်စုတွင် ကျွဲတစ်ကောင်ခတ်မှုကြောင့် ဒဏ်ရာရရှိသည့် ကျေးရွာသူကျေးရွာသား ၂၀ ဦး အနက် ၁ ဦးသေဆုံးကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်မှာ ဇွန်လ ၂၂ ရက် ညနေ ၄ နာရီခွဲအချိန်တွင် မိုင်းယု (၁၀၅) မိုင်ကျေးရွာအုပ်စုတွင် ကျွဲခတ်မှုကြောင့် ဒဏ်ရာရရှိသူများရှိကြောင်း သတင်းရရှိသောကြောင့် ပါရမီလူမှုကူညီရေးအသင်း၊ မိုင်းယု (၁၀၅) မှ အသင်းယာဥ် (၃) စီးဖြင့် ကွတ်ခိုင်မြို့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“အမျိုးသား၊ အမျိုးသမီး၂၀ လောက် ဒဏ်ရာရတယ်။ အဲ့ဒီထဲမှာ အမျိုးသမီးတစ်ယောက်က ကျွဲခတ်တော့ နံရိုးနဲ့အသဲကို ထိသွားတော့ ဆေးရုံမှာ ဆုံးသွားတယ်။ နောက်ထပ် အမျိုးသားက အသင်းသားတစ်ယောက်။ သူက ဖိနပ်ဆိုင်ဖွင့်ထားတာ။ သူ့ဆိုင်ထဲ ကျွဲဝင်ပြီးခတ်တာ သူ့ပေါင် ၇ ချက် ချုပ်ရတယ်။ နောက်ထပ် အမျိုးသားတစ်ယောက်လည်း နံရိုးတစ်ချောင်းကျိုးတယ်။ ကျန်တဲ့သူတွေကတော့ ပွန်းပဲ့ဒဏ်ရာရတယ်။ ကျွဲက ပြေးလာတာမဟုတ်ဘူး။ လမ်းသွားသူတွေအကုန်လုံးကို ခတ်သွားတာ။ အသင်းသားတစ်ယောက်ပဲ ဆိုင်ထဲကျွဲဝင်ပြီး အခတ်ခံရတာ။ အရင်ကလည်း ကျွဲတွေနွားတွေက လမ်းမှာရှိနေတာ ဘာမှမဖြစ်ဘူး။ ခုမှ ကျွဲခတ်တာ။ ကျွဲပိုင်ရှင်ကတော့ ဒဏ်ရာရတဲ့သူအကုန်လုံးကို ဆေးကုပေးတယ်” ဟု ပါရမီလူမှုကူညီရေးအသင်း၊ မိုင်းယု (၁၀၅) မှ တာဝန်ရှိသူကပြောသည်။
ကျွဲခတ်ခံရမူကြောင့် သေဆုံးသွားသည့် အသက် ( ၅၂) နှစ်အရွယ် ဒေါ်ကြာအေး၏ ရုပ်အလောင်းကို ကွတ်ခိုင်ဆေးရုံမှတစ်ဆင့်နေအိမ်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဓာတ်ပုံ – သားချစ်ပရဟိတ