၂၄. ၆. ၂၀၂၄
Written by Nyein Kyaw
ကျပ်သိန်း ၂၀၀ ကျော်ပါက Special Account (အထူးအကောင့်) ဖြင့်ပါ ငွေသားထုတ်ယူခွင့်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်သာ ငွေလွှဲပြောင်းရမည်ဖြစ်ကာ အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး ဘဏ်များ၏ မန်နေဂျာများအား ယမန်နေ့က ခေါ်ယူအသိပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဖြေကြားထားသည်။
ကျပ်သိန်း ၂၀၀ ကျော်ပါက Special Account များမှပင် ထုတ်ယူရန်အခက်အခဲဖြစ်ပေါ်နေမှုနှင့် ပတ်သက်ပြီး SAC သတင်းထုတ်ပြန်ရေးအဖွဲ့သို့ မီဒီယာများ၏ မေးမြန်းမှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က “သိန်း ၂၀၀ ကျော်ရင် Online နဲ့ လွှဲရမယ်ဆိုတာ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ အချို့ဘဏ်မန်နေဂျာများ ယူဆချက်လွဲပြီး ပြောဆိုခဲ့မှုကြောင့် ယခုသတင်းထွက်ပေါ်ရခြင်းဖြစ်ပါသည်။ ယမန်နေ့ကပင် သက်ဆိုင်ရာဘဏ်ကြီးများမှ မန်နေဂျာများအား ခေါ်ယူရှင်းပြပြီးဖြစ်ပါသည်။” ဟု ပြန်လည်ဖြေကြားခဲ့သည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် ပြည်တွင်းရှိ ဘဏ်များတွင် ငွေသားထုတ်ယူမှု အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး ဘဏ်တွင်အပ်နှံထားသည့် မိမိကိုယ်ပိုင်ပိုက်ဆံကိုပင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြားပေးကာ ထုတ်ယူခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ဘဏ်များမှ Special Account (အထူးအကောင့်)များ သီးခြားဖွင့်လှစ်ပေးကာ အဆိုပါအကောင့်များတွင် ယခင်ထည့်သွင်းထားသည့် ငွေသားမဟုတ်ဘဲ သီးသန့်ငွေသား ထပ်မံထည့်သွင်းရပြီး ထည့်သွင်းထားသည့် ပမာဏအတိုင်း ငွေသားပြန်လည်ထုတ်ပေးခြင်း အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါ Special Account (အထူးအကောင့်)များသို့ ငွေသားမည်မျှထည့်သွင်းထားသည်ဖြစ်စေ လက်ရှိတွင် ကျပ်သိန်း ၂၀၀ အထိသာ ငွေသား ထုတ်ယူခွင့်ပြုမည်ဖြစ်ပြီး ကျပ်သိန်း ၂၀၀ အထက်ကျော်ပါက Mobile Banking (အွန်လိုင်း)စနစ်ဖြင့်သာ လွှဲပြောင်းနိုင်မည်ဖြစ်သည်။