၂၄.၆. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံတွင် ၃ နှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေတည်ရှိမှု ၅၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး လူဦးရေ၏ ၇၅ ရာခိုင်နှုန်း (သို့မဟုတ်) ခန့်မှန်းခြေအားဖြင့် လူ ၄၂ သန်းသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရခြင်း (သို့မဟုတ်) ဆင်းရဲမွဲတေမှု အန္တရာယ်နှင့် နီးစပ်နေကြောင်းကုလသမဂ္ဂအဖွဲ့အစည်းဖြစ်သော UNDP ၏ ထုတ်ပြန်ချက်များထဲတွင် ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ လူပေါင်း ၁၃ ဒသမ ၃ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရကြောင်းလည်း UNDP က ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂမှတစ်ဆင့် ဖွံ့ဖြိုးရေးအကူအညီသည် ၄၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ရပြီး တစ်ချိန်တည်းတွင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်များသည်လည်း ရန်ပုံငွေမလုံလောက်ဘဲ ရှိနေဆဲဖြစ်ကြောင်း၊ အဆမတန်ကြီးထွားလာနေသော လိုအပ်ချက်ကို တုံ့ပြန်ရန် စိန်ခေါ်မှုများရှိနေဆဲဖြစ်ကြောင်း UNDP အဖွဲ့က ဖော်ပြထားသည်။
UNDP အနေဖြင့် လူပေါင်း ၂ သန်းကျော်ကို ရောက်ရှိကူညီခဲ့ပြီးဖြစ်ပြီး လာမည့် ၂၀၂၅ နှစ်ကုန်တွင် လူပေါင်း ၈ သန်းအထိ ရောက်ရှိကူညီနိုင်ရန် ရည်မှန်းထားကြောင်း၊ မြန်မာ နိုင်ငံ၏ ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေအရ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အကူအညီနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၌ ချဉ်းကပ်ပုံကို ပြန်လည်ဖွဲ့စည်းပုံဖော်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ဆင်းရဲမွဲတေမှုနှုန်းသည် ၂၀၀၅ ခုနှစ်တွင် တဖြည်းဖြည်းလျော့နည်းလာခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ဆင်းရဲမွဲတေမှုနှုန်း ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ သို့သော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ဆင်းရဲမှုနှုန်းက ၅၀ ရာခိုင်နှုန်းနီးပါးအထိ ပြန်လည်မြင့်တက်လာခဲ့ကြောင်း UNDP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပြီးနောက် အိမ်နီးချင်းနိုင်ငံများတွင် စီးပွားရေးပြန်လည်ကောင်းမွန်လာခဲ့သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါမဖြစ်ပွားခင်က ရရှိခဲ့သောစီးပွားရေးတိုးတက်မှုနှုန်းမျိုးမရဘဲရှိနေကြောင်းလည်း ကုလသမဂ္ဂအဖွဲ့က ဖော်ပြထားသည်။
REF UN