◾ တိုက်ပြေးတဲ့ကားကို စုံစမ်းမရပေမဲ့ အတိုက်ခံရတဲ့ယာဥ်နဲ့ ယာဥ်မောင်းက ဖမ်းဆီးခံထားရ
၂၄.၆.၂၀၂၄
Written by Hey Mar
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က နေပြည်တော်အမြန်လမ်း ၁၉၆ မိုင် ၂ ဖာလုံမှာ ရှေ့ကမောင်းနှင်နေတဲ့ကားကို နောက်ကနေကားတစ်စီးက ဖြတ်ကျော်တက်ရင်း တိုက်သွားတာကြောင့် အတိုက်ခံရတဲ့ယာဉ်ပေါ်က တစ်နှစ်သားအရွယ် ကလေးငယ်နဲ့ အဒေါ်ဖြစ်သူနေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ ဖြစ်စဥ်ကြောင့် ယာဉ်ပေါ်ပါသူ ခုနစ်ဦးအနက် မောင်အံ့ဘုန်းမြတ် အသက် ၁ နှစ်နဲ့ မမြဝတ်ရည် အသက် ၂၃ နှစ်တို့နေရာတင်သေဆုံးပြီး ကျန်ယာဉ်မောင်းအပါ ၅ ဦးမှာ ထိခိုက် ပွန်းပဲ့နာကျင်ဒဏ်ရာတွေသာ ရရှိခဲ့ပြီး၊ ကလေးမိခင်တော်စပ်သူမှာတော့ စိတ်ဝေဒနာနဲ့ အိပ်ရာထဲလဲနေတဲ့ အနေအထားလို့ နာရေးရှင်မိသားစုဝင်ဆီမှ သိရသလို သက်ဆိုင်ရာမှလည်း အမြန်ဆုံး အမှုကို ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
သေဆုံးသူတွေရဲ့ နာရေးရက်လည်ပြီးလို့ သုံးရက်ခန့်ကြာမြင်တဲ့အထိ အဆိုပါတိုက်သွားတဲ့ကားရဲ့အကြောင်းတစ်စုံတစ်ရာမသိရှိရသေးတဲ့အတွက် မိသားစုဝင်ဆုံးရှုံးထားရတဲ့ ကာယကံရှင်အနေနဲ့ ပိုပြီး မဖြေနိုင်ဖြစ်ရတယ်လို့ သေဆုံးသူ ကလေးငယ်ရဲ့ အဘိုးတော်စပ်သူက MT News ကို ပြောပါတယ် ။
အဘိုးဖြစ်သူက “တိုက်သွားတဲ့ကားက အမဲရောင်ဆိုတာလောက်ပဲ မြင်လိုက်ကြရတယ်တဲ့။ ကျွန်တော်တို့ရဲ့ မြေး၊ ချွေးမ ၊ တူ၊ တူမတွေ ပါတဲ့ကားပါ။ သူတို့က ကျောက်ဆည်ကနေ ဘုရားဖူးပြီးပြန်လာကြတာ။ အမြန်လမ်းမိုင်၂၀၀ တိုးဂိတ်ကို ၄ နာရီ ၄၅ မိနစ်လောက်က ဖြတ်လာခဲ့ပြီး ၁၅ မိနစ်ဝန်းကျင်လောက်မောင်းလာရင်းကနေ၊ သူတို့ကားက အလယ်ကြောကနေ မောင်းနေရာက နောက်ကနေကျော်တက်တဲ့ကားကတိုက်သွားတာမှာ ကျွန်တော့်ချွေးမတွေကားက လမ်းလယ်ကျွန်းပေါ်ကျော်တက်ပြီး သစ်ပင်နဲ့ တိုက်သွားပါတယ်။ အိပ်ပြီးလိုက်လာကြတာမို့ ကားရဲ့ အလယ်ခုံတန်းမှာထိုင်လာတဲ့ ချွေးမရဲ့ လက်ထဲကနေ ကလေးကလွတ်ထွက်ပြီး ကားလမ်းပေါ်ပြုတ်ကျသွားတယ်။ နောက်ဆုံးခန်းက ထိုင်လိုက်လာတဲ့ တူမလည်း တိုက်သွားတဲ့ဘက်တည့်တည့်ကျလို့ နေရာတင်သေပါတယ်” လို့ ပြောပါတယ်။
မိသားစုဝင်ဆုံးရှုံးခဲ့သူ ကာယကံရှင်တွေအနေနဲ့ အမြန်လမ်းရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာယာဉ်မှုစစ်တွေဆီ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပေးခဲ့ပေမယ့် ဒီနေ့အထိ တိုက်သွားတဲ့ကားနဲ့ ပတ်သက်လို့ သတင်းအစအန မသိရှိရသလို နစ်နာခဲ့ရတဲ့ အတိုက်ခံရတဲ့ကားကတော့ ယာဉ်မောင်းရော ကားပါ ထိန်းသိမ်းခံထားရတယ်လို့လည်း သိရပါတယ်။
“ကျွန်တော်တို့ရဲ့ ယာဉ်မောင်းကို အချုပ်ချထားပါတယ်။ တစ်ဖက်ကားနဲ့ ပတ်သက်တာကို တာဝန်ရှိသူတွေဆီက ဘာမှ မသိရတော့ ဉပဒေပိုင်းအကြံပေးကြသူတွေက တိုးဂိတ်မှာကိုယ်တိုင် စစ်ဆေးကြည့် ရှာဖွေကြည့်ပါလို့ ပြောကြတယ်။ ကျွန်တော်တို့က ခံလည်း ခံလိုက်ရသေးတယ်။ ကိုယ်တိုင်လည်း လိုက်လံဆောင်ရွက်ရဦးမှာလား။ ကျွန်တော်တို့ အပူကိုလည်း ကြည့်ပါဦး။ ရှာတွေ့ရင်လည်း အလျော်အစား ဆိုတာထက် ဖေးမမှု နှစ်သိမ့် စိတ်ဖြေနိုင်မှု လိုချင်တာပါ” လို့ ဆိုပါတယ်။