MT News
Written By Naddy
သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ဒီဇင်ဘာ၂၃ ရက် မှာ ရန်ကုန်မြို့ အင်းစိန်ထောင်တွင်းတရားရုံး၊ မရမ်းကုန်းမြို့နယ်တရားခွင်ကနေ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
“အမြန်ဆုံးလွတ်မြောက်ဖို့ ကုသိုလ်တွေများကြီးလုပ်ပြီး ဆုတောင်းပေးရင်း စောင့်နေပါ့မယ်။ ပျော်ရတဲ့အချိန်ရော ဝမ်းနည်းရတဲ့အချိန်ရော အတူတူရှိနေပေးမှာမို့ ကျန်းမာရေးကောင်းအောင်နေပါ အချစ်ကလေးရေ အများကြီးချစ်တယ်နော်”လို့ ချစ်သူဖြစ်တဲ့ ရဲရင့်မိုးကလည်း လူမှုကွန်ရက်မှာ ရေးသားထားသလို အခုလို အမြန်ဆုံးအမိန့်ချတဲ့အတွက် လာမဲ့ လွတ်ငြိမ်းသက်သာတွေမှာ ပါဝင်လာဖို့ မျှော်လင့်ချက်ရှိနေပြီလို့ သင်ဇာဝင့်ကျော်ကို ချစ်သူကြသူတွေက မှတ်ချက်ပြုထားပါတယ်။
၂၀၂၂ ခုနှစ် သြဂုတ် ၅ ရက်က သရုပ်ဆောင်သင် ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ကို ကာယိန္ဒြေပျက်ပြား စေတဲ့ အဖော်အချွတ် ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေး ငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီလက်ထရောနစ် ပုဒ်မ ၃၃(က) နဲ့ ဖမ်းဆီး တရားစွဲဆိုခဲ့ပါတယ်။
သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့အတူ တစ်ရက်တည်း ဖမ်းဆီးခံလိုက်ရတဲ့ မော်ဒယ်နန်းမွေစံကတော့ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ မြောက်ဒဂုံမြို့နယ်အတွင်းမှာ ဖမ်းဆီးခံလိုက်ရပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်ထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/ SSA) ဌာနချုပ်မှာ SSPP ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့သမီးဖြစ်သူ မင်္ဂလာပွဲကို တက်ရောက်ခဲ့အပြီး ဖမ်းဆီးခြင်းခံရပေမယ့် SSPP/SSA ဌာနချုပ်တာဝန်ရှိသူတွေရဲ့ ညှိနှိုင်းဖြေရှင်းမှုတွေကြောင့် ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် နောက်ထပ်တစ်လခန့် အကြာမှာ ထပ်မံဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။