၂၄.၆.၂၀၂၄
Translated by Htwe Ko Tun
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတနိုင်ငံတစ်ခုဖြစ်သော အစ္စလာမ်ဘာသာဝင်အများဆုံးနေထိုင်ရာ ဒါဂျီစတန်သမ္မတနိုင်ငံအတွင်း ဇွန်လ ၂၃ ရက်က ရဲတပ်ဖွဲ့ဝင်များ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် ရဟူဒီဘုရားရှိခိုးကျောင်းများကို ဦးတည်လျက် လက်နက်ကိုင်အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူအများအပြားလည်း သေဆုံးခဲ့ရကြောင်းသိရသည်။
သေနတ်သမားများက အကြမ်းဖက်တိုက်ခိုက်မှုများကို ဒါဘန့်မြို့ နှင့် မာခတ်ရှ်ကာလာမြို့များတွင် Pentecost ပွဲတော်ရက်အတွင်း ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ အကြမ်းဖက်မှုများ၌ အနည်းဆုံးရဲအရာရှိ ၁၅ ဦး၊ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးနှင့် လုံခြုံရေးအစောင့်တစ်ဦးတို့သေဆုံးခဲ့ရကြောင်း သိရသည်။ အကြမ်းဖက်သေနတ်သမားများကို မည်သူမည်ဝါ အတိအကျမပြောကြားသေးသော်လည်း ဒါဂျီစတန်ဒေသက အတိတ်ကာလကလည်း အစ္စလာမ္မစ်အကြမ်းဖက်များ၏ တိုက်ခိုက်မှုများကို ခံခဲ့ရသည်။
အကြမ်းဖက်မှုများတွင် ခရစ်ယာန်ဘုရားကျောင်းနှစ်ခုနှင့် ရဟူဒီဘုရားကျောင်းနှစ်ခု တိုက်ခိုက်ခံခဲ့ရသည်။ မာခတ်ရှ်ကာလာမြို့တွင် အော်သိုဒေါ့စ် ခရစ်ယာန်ဘုရားကျောင်းမှ ခရစ်ယာန်ဘုန်းကြီးတစ်ပါးသေဆုံးကာ ရဲအရာရှိ အနည်းဆုံး ၁၃ ဦးကျဆုံးခဲ့ရကြောင်း ဒါဂျီစတန်အကြီးအကဲ ဆာဂျီ မီလီ ကော့ဗ်က ပြောခဲ့သည်။ ထပ်မံသိရှိရမှုအရ ရဲတပ်ဖွဲ့ဝင်များသေဆုံးမှုမှာ ၁၅ ဦးအထိမြင့်တက်လာပြီး လူမှုကွန်ရက်ပေါ်ရောက်ရှိလာသောဗီဒီယိုများတွင် အရေးပေါ်တပ်ဖွဲ့ယာဉ်များ ရောက်မလာမီ အနက်ရောင်ဝတ်စုံများဖြင့် လက်နက်ကိုင်များက ရဲတပ်ဖွဲ့ကားများကို လိုက်လံပစ်ခတ်နေသည်ကို တွေ့ခဲ့ရသည်။
ရှေးရိုးဆံသော ဂျူးလူနေမှုအဖွဲ့အစည်းတစ်ရပ်ရှိရာ ဒါဘန့်မြို့တွင်လည်း ခရစ်ယာန်ဘုရားကျောင်းတစ်ခုနှင့် ရဟူဒီဘုရားကျောင်းတစ်ခုတို့ကို အကြမ်းဖက်သေနတ်သမားများက တိုက်ခိုက်ခဲ့ကြကာ မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ဆာဂျီ မီလီကော့ဗ်က အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်သေနတ်သမား ခြောက်ဦးကို အသေဖမ်းဆီးရမိကာ အကြမ်းဖက်မှုများတွင် လျှို့ဝှက်ပါဝင်သူများကို စုံစမ်းထောက်လှမ်းနေကြောင်းနှင့် အခြေအနေကိုထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် အကြမ်းဖက်မှုများတွင် အရပ်သားများလည်းသေဆုံးခဲ့ရကြောင်းနှင့် ဇွန်လ ၂၄ ရက်မှ ၂၆ ရက်အထိသုံးရက်ကို ဒါဂျီစတန်ဒေသအတွင်း ဝမ်းနည်းကြေကွဲခြင်းနေ့ရက်များအဖြစ်သတ်မှတ်ကြောင်း ၎င်းကပြောခဲ့သည်။
Ref -Tass, BBC