October 18, 2024

၂၄.၆.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ တာဂွကျေးရွာ၊ အင်းယက်ကြီးဆီဆိုင်ရှေ့ လမ်းဘေး၌ရပ်ထားသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများတင်ဆောင်ထားသော တွဲကားကို ဘေးတွဲဆိုင်ကယ်မှ တိုက်မိရာက အခင်းနေရာတွင် ထိုအမျိုးသားသေဆုံးသွားကြောင်း သိရသည်။

ဇွန်လ ၂၃ ရက် ည ၉ နာရီခွဲအချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်ဆောင်ထားသည့် တွဲကားမှာ ဆီဆိုင်ရှေ့၌ရပ်ထားရာ ဘေးတွဲဆိုင်ကယ်မှ ဝင်တိုက်မိသောကြောင့် ထိုဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် မျက်လုံးနှင့် ဦးခေါင်းအား ထိုးမိသောကြောင့် အခင်းနေရာ၌ပင် ဘေးတွဲမောင်းသူ အမျိုးသားသေဆုံးသွားကြောင်း သိရသည်။

“ညအိပ်ကားဆိုတော့ လမ်းဘေးမှာ ရပ်ထားတာ။ ယာဥ်ပေါ်မှာလည်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေတင်လာတာ။ ဘေးတွဲဆိုင်ကယ်က အဲ့ဒီယာဥ်ကိုအနောက်ကနေ တိုက်မိတော့ အချွန်တွေနဲ့မျက်လုံးကို ထိုးမိတော့ အခင်းနေရာမှာပဲ ဆုံးသွားတယ်”ဟု ခိုကိုးရာမဲ့အဘိုးအဘွားများစောင့်ရှောက်ရေးနှင့်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

သေဆုံးသည့် အမျိုးသားကို တိုက်ကြီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါအမျိုးသားမှာ မှော်ဘီမြို့၊ ရွှေမြယာကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ခိုကိုးရာမဲ့အဖိုးအဘွားများစောင့်ရှောက်ရေးနှင့်လူမှုကယ်ဆယ်ရေးအသင်း။

Leave a Reply

Your email address will not be published. Required fields are marked *