October 18, 2024

၂၄.၆.၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးပြည်နယ်၏ ကာလာကူရီချီခရိုင်၊ ကာရူနာပူရမ်မြို့၌ ဥပဒေနှင့်မညီ ချက်လုပ်ထားသော ချက်အရက်များကို ဇွန်လ ၁၈ ရက်က သောက်သုံးခဲ့ကြရာတွင် အဆိပ်သင့်ပြီး သေဆုံးသူ ဦးရေ မှာဇွန်လ ၂၀ ရက်က ၃၄ ဦးသာရှိခဲ့သော်လည်း ဇွန်လ ၂၄ ရက်မွန်းလွဲပိုင်းတွင် ၅၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း၊ ထိုအမှုတွင် ပြည်နယ်အတွင်း ဆေးရုံများ၌ ခွဲ၍တင်ပို့ကာ ကုသခံနေရသူမှာလည်းစုစုပေါင်း ၁၅၆ ဦး ရှိနေသေးကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၄ ရက်တွင် ပြောခဲ့သည်။

အဆိုပါချက်အရက်များတွင် လူကိုသေစေနိုင်သောဓာတု ပစ္စည်းတစ်မျိုးဖြစ်သည့် မက်သနောလ် များစွာ ပါဝင်မှုကြောင့် သောက်သုံးသူများတွင် ဤကဲ့သို့ အဆိပ်သင့်သေဆုံးမှုများဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း ဆေးရုံများက ပြောကြားခဲ့ကြသည်။

အိန္ဒိယနိုင်ငံတွင် ဈေးပေါသောချက်အရက်များကို သောက်သုံးမှုများကြောင့် အဆိပ်သင့်သေဆုံးရသူများမှာ နှစ်စဉ်လိုပင်ရှိခဲ့သည်။ သို့သော် ယခုဖြစ်ရပ်ကမူ အဆိုးဝါးဆုံးသောဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်လည်း ဖြစ်ခဲ့ရသည်။

ချက်အရက်များသောက်သုံးခြင်းကို အိန္ဒိယနိုင်ငံအတွင်းဒေသအတော်များများတွင် တားမြစ်ထားသော်လည်း ဈေးပေါသောချက်အရက်များ ရောင်းဝယ်သောက်သုံးမှုကို မှောင်ခိုဈေးကွက်တွင် တွေ့နေရသေးသည်။ ၂၀၂၃ ခုနှစ်တွင် ဘီဟာပြည်နယ်၌ ချက်အရက်များသောက်သုံးမှုကြောင့် အနည်းဆုံး လူ ၂၇ ဦးသေဆုံးခဲ့ရသေးသလို ၂၀၂၂ ခုနှစ်ကလည်း ချက်အရက်များသောက်သုံးမှုကြောင့် ဂူဂျာရတ် ပြည်နယ်တွင် ၄၂ ဦးသေဆုံးခဲ့သေးသည်။

ယခုဖြစ်ရပ်တွင် သောက်သုံးသူများအနက် အချို့မှာ ချက်အရက်များသောက်သုံးပြီးနောက် ဆေးရုံသို့ ရောက်မလာမီ မျက်စိများ လုံးဝမမြင်ရသည့်အဖြစ်များ ရောက်ခဲ့ကာ အချို့ကမူ လမ်းပေါ်တွင် လဲကျသေဆုံးခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

Ref- Hindustan Times, CNA

Leave a Reply

Your email address will not be published. Required fields are marked *