October 18, 2024

၂၃. ၆. ၂၀၂၄
Written by Nay Moe

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အရှေ့ခြမ်း၊ စုကလိမြို့ အ‌ခြေစိုက် စကခ (၁၃) လက်အောက်ခံ၊ ခမရ(၅၆၀) တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုးနှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်သော တပ်စခန်းအား သိမ်းယူနိုင်ခဲ့သည်ဟု KNU က ယနေ့ထုတ်ပြန်ထားသည်။

အဆိုပါ တပ်စခန်းကို KNLA – ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ KNDO – ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နှင့် KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ စနိုက်ပါ၊ ဒရုန်း နှင့် လက်နက်ကြီးဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့၊ မနက် ၇ နာရီမှ စတင်ကာ စုကလိတပ်စခန်းအား ၀င်ရောက်တိုက်ခိုက်၍ ငါးရက်အကြာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် စခန်းတစ်ခုလုံးအား အပြီးသတ် တိုက်ခိုက်သိမ်းယူခဲ့သည်ဟု ပြောသည်။

စုကလိ တပ်စခန်းသိမ်းတိုက်ပွဲမှ ၆၀ မမ (ပြောင်းရှည်) – ၁ လက်၊ ၆၀ မမ (ပြောင်းတို) – ၁ လက်၊ RPG – 7 – ၁ လက် (ပျက်စီး)၊ MA-1 – ၁၂ လက် (၄ လက် ပျက်စီး)၊ MA-2 – ၁၅ လက် (၄ လက် ပျက်စီး)၊ MA-3 – ၄ လက် (၁ လက် ပျက်စီး)၊ MA-79 – ၂ လက်၊ငါးကြင်းမြီး စက်လက် – ၁ လက် (ပျက်စီး)နှင့် ကျည်ကာ ဦးထုပ် – ၈ လုံး အပါအဝင် စစ်လက်နက်ခဲယမ်းနှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စုကလိစခန်းသိမ်းတိုက်ပွဲတွင် KNU ပူးပေါင်းတပ်မှ ၁၅ ဦး ဒဏ်ရာရပြီး တပ်ဘက်မှ ၆ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရပြီး ၁၄ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ စစ်သုံ့ပန်းအဖြစ် တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုး အပါအ၀င် ၂၁ ဦး ဖမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း MT News က အတည်မပြုနိုင်ချေ။

ဓာတ်ပုံ − စုကလိစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများနှင့်ပစ္စည်းများ။

Leave a Reply

Your email address will not be published. Required fields are marked *