October 18, 2024

၂၃. ၆. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က ခေါ်ယူစစ်ဆေးပြီးနောက် ဧည့်မထဆန်အပြင် ပေါ်ဆန်းမွှေးဆန်များကိုပါ ရည်ညွှန်းဈေးဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်လာခဲ့သည်။

ပြည်တွင်း၌ ဆန်ဈေးနှုန်းအဆမတန်ကြီးမြင့်နေမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအား ခေါ်ယူ၍ လိုအပ်သည်များ မေးမြန်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း SAC က ယမန်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့် ရွှေဘိုပေါ်ဆန်းများ၊ ဧရာဝတီပေါ်ဆန်းများနှင့် ဧည့်မထဆန်များကို ဇွန်လ ၂၄ ရက် (မနက်ဖြန်)တွင် စတင်ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရောင်းချပေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများအတွက် ပေါ်ဆန်းဆန် တစ်ပြည်လျှင် ကျပ် ၅,၀၀၀၊ ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၃,၀၀၀ နှင့် ပေါ်ဆန်းဆန် ၁၀ ကီလို (၅ ပြည်) တစ်အိတ် ကျပ် ၂၅,၀၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် အိတ်လိုက်ဝယ်ယူလိုသူများအတွက် ရွှေဘိုပေါ်ဆန်း တစ်အိတ် ကျပ် ၁၃၅,၀၀၀ မှ ကျပ် ၁၄၅,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်း တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြားနှင့် ဧည့်မထဆန် (၁၅%) တစ်အိတ် ကျပ် ၇၂,၀၀၀ မှ ၇၅,၀၀၀ ကြားဖြင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်နှင့် ဝါးတန်းဆန်ကုန်စည်ဒိုင်များတွင် နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ရောင်းချပေးသွားမည်ဖြစ်သည်။

ဆန်အိတ်လိုက် ဝယ်ယူလိုသူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးစား ဆန်တစ်အိတ်နှင့် ဧည့်မထဆန်တစ်အိတ်ကို အိမ်ထောင်စုစာရင်းမိတ္တူနှင့် အိမ်ထောင်စုစာရင်းတွင် ပါဝင်သူတစ်ဦး၏ မှတ်ပုံတင်(မူရင်း)တို့ဖြင့် လာရောက်ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။

သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့် ဆန်များဝယ်ယူလိုသူများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဖုန်း-၀၉-၄၀၀၀၆၇၂၆၀၊ ၀၉-၄၀၀၀၆၇၂၇၀၊ ဝါးတန်းကုန်စည်ဒိုင် ဖုန်း- ၀၁- ၈၂၂၁၄၈၊ ၀၁-၈၂၁၀၂၈၇၊ ဘုရင့်နောင်ကုန်စည်ဒိုင် ဖုန်း- ၀၉-၇၆၉၀၂၉၄၂၈ တို့ကို အကြံပြု/ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၈ ခုရှိ ဆန်လက်လီအရောင်းဆိုင် ၅၈ ဆိုင်မှတစ်ဆင့် သက်သာသောဈေးနှုန်းဖြင့် ဧည့်မထဆန်တစ်ပြည် ကျပ် ၃၀၀၀ ဖြင့် တစ်လလျှင် ဆန်အိတ် ၁၀,၀၀၀ ဝန်းကျင် ရောင်းချပေးနေပြီး ပေါ်ဆန်းဆန်များကိုပါ ထပ်မံရောင်းချ‌ပေးမည့်အပြင် အိတ်လိုက်ဝယ်လိုသူများအတွက်ပါ စီစဉ်ရောင်းချပေးခြင်းဖြစ်သည်။

ပြည်တွင်းဆန်ဈေးနှုန်းသည် သုံးနှစ်အတွင်း ရာခိုင်နှုန်း ၃၀၀ ခန့် မြင့်တက်ခဲ့ပြီး လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းထူးထူးရှယ် တစ်အိတ် ကျပ် ၁၉၀,၀၀၀ အထိဖြစ်ပေါ်နေပြီး (တစ်ပြည် ကျပ် ၈၀၀၀ ခန့်)၊ လူလတ်တန်းစား အများဆုံးစားသည့် ကြားပျံရှယ်တစ်အိတ် ကျပ် ၁၆၀,၀၀၀ ကျော် (တစ်ပြည် ၆၇၀၀ ကျပ်)နှင့် ငစိန်ဆန်ကြမ်းတစ်အိတ် တစ်ပြည် ၃၂၀၀ အထိ မြင့်တက်နေခြင်းဖြစ်သည်။

ထို့အတူ မဂျမ်းတောဆန် တစ်အိတ် ကျပ် ၁၆၇,၀၀၀ ကျပ် (တစ်ပြည် ၇,၀၀၀ ကျပ်ခန့်)၊ ဆင်းသွယ်ဆန် တစ်အိတ် ကျပ် ၁၂၄,၀၀၀ (တစ်ပြည် ၅,၂၀၀ ကျပ်ခန့်)၊ ရတနာတိုးဆန် တစ်အိတ် ကျပ် ၁၁,၈၀၀၀ (တစ်ပြည် ၅,၀၀၀ ခန့်)အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ထို့ပြင် ဆန်ချောမတတ်နိုင်သော ပြည်သူများ ဆန်ကြမ်းပြောင်းလဲစားသုံးမည်ဆိုပါကလည်း ရက် ၉၀ ဆန်တစ်ပြည် ၃၈၀၀ ကျပ်၊ ဇီယာဆန်တစ်ပြည် ၃၇၀၀ ကျပ်၊ မနောသုခဆန် တစ်ပြည် ၄၀၀၀ ကျပ်နှင့် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် ဧည့်မဆန်(၁၅%)သည်ပင် ဝါးတန်းဆန်ကုန်စည်ဒိုင်တွင် တစ်အိတ် ကျပ် ၇၈,၀၀၀ (တစ်ပြည် ၃၂၅၀ ကျပ်) အထိဖြစ်ပေါ်နေခြင်းဖြစ်သည်။

ပုံစာ- ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းက ဝါတန်းဆန်ကုန်စည်ဒိုင်တွင် ပေါ်ဆန်းနှင့် ဧည့်မထဆန်အိတ်များ ရောင်းချပေးခဲ့မှုကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *