October 18, 2024

၂၃. ၆. ၂၀၂၄
Written by Nay Moe

CDM လုပ်သည်ဆိုကာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာသံရုံးမှ သံရုံးစာရေးဒေါ်ဌေးဌေးဝင်းမှာ သားသမီးအရေးကြောင့် မြန်မာပြည်မပြန်လို၍ နိုင်ငံရေးအကာအကွယ်ရယူသွားခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၂၀ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လုပ်သက် ၂၇ နှစ်ရှိ ပါရီမြို့ရှိ မြန်မာသံရုံးစာရေးဒေါ်ဌေးဌေးဝင်းက CDM လုပ်ကြောင်း၊ ရာထူးမှနုတ်ထွက်ခြင်းမဟုတ်ကြောင်း ကိုယ်ပိုင်အကောင့်တွင် ကြေညာခဲ့မှုနှင့်ပတ်သက်၍ ထုတ်ပြန်ရာတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာနိုင်ငံသံရုံး၌ သံရုံးစာရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေါ်ဌေးဌေးဝင်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှစ၍ ပါရီမြို့၊ မြန်မာသံရုံးမှ ခွင့်မဲ့ပျက်ကွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ဒေါ်ဌေးဌေးဝင်းသည် ပြည်ပတာဝန်ထမ်းဆောင်မှုကာလ ပြည့်မြောက်သည့်အတွက် မြန်မာနိုင်ငံတွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသည့် အမိန့်စာကို လက်ခံရရှိပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် မိသားစုစာရင်းနှင့် ၎င်း၏သားဖြစ်သူအား ပြင်သစ်နိုင်ငံတွင် ပညာဆက်လက်သင်ကြားခွင့်ပြုရန် တင်ပြခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်အထိ ပုံမှန်ရုံးတက်၍ ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့သည်။

ယင်းနေ့တွင်ပင် ဒေါ်ဌေးဌေးဝင်းသည် ၎င်း၏သားဖြစ်သူ ဆက်လက်ပညာသင်ကြားမည့်တက္ကသိုလ်တွင် စုံစမ်းမှုများပြုလုပ်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်၌ ခွင့်(၁)ရက်ခံစားလိုကြောင်းနှင့် ၎င်းတို့မိသားစု၏ နိုင်ငံကူးလက်မှတ်များ ခေတ္တထုတ်ယူခွင့်ပြုရန် တင်ပြခဲ့သဖြင့် သံအမတ်ကြီးက ခွင့်ပြုပေးခဲ့သည်။

ဒေါ်ဌေးဌေးဝင်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်၊ နံနက် ၁၀ နာရီချိန်ထိ သံရုံးသို့ ပြန်လည်သတင်းပို့မှုမရှိခြင်းကြောင့် သံရုံးတာဝန်ရှိသူများကစိစစ်ခဲ့ရာ ၎င်း၏နေအိမ်၌ မည်သည့်ကိုယ်ပိုင်ပစ္စည်းမျှမရှိတော့ဘဲ အပြီးအပိုင်ထွက်ခွာသွားသည့် အခြေအနေအား တွေ့ရှိခဲ့သည်။

ဒေါ်ဌေးဌေးဝင်းသည် ပါရီမြို့ရှိ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လုပ်ငန်းတာဝန်များကို တက်ကြွစွာဖြင့် ကျေပွန်အောင်ထမ်းဆောင်ခဲ့ပြီး ၎င်းသည် ပြည်ပတာဝန်ထမ်းဆောင်မှုကာလ ပြည့်မြောက်၍ မြန်မာနိုင်ငံတွင် ပြန်လည်တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းများအနက်မှ တစ်ဦးဖြစ်သည်။

သို့ရာတွင် ၎င်းသည် သားဖြစ်သူ ပြင်သစ်နိုင်ငံတွင် ဆက်လက်ပညာသင်ကြားနိုင်ရေးနှင့် သမီးဖြစ်သူဆေးကုသမှုခံယူနိုင်ရေးစသည့် ၎င်း၏ကိုယ်ရေးကိုယ်တာ လူမှုရေးအခက်အခဲများကြောင့် မြန်မာနိုင်ငံသို့မပြန်လိုသဖြင့် နိုင်ငံရေးအကာအကွယ်ရယူကာ ခင်ပွန်း၊ သား၊ သမီးနှင့်အတူ ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့လုပ်ဆောင်မှုကို ပြည်တွင်း၊ ပြည်ပဆန့်ကျင်ဘက်အဖွဲ့အစည်းများက နိုင်ငံရေးအရအသုံးချကာ ဝါဒဖြန့်ချိမှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *