October 18, 2024

ဖြိုးဝေ
၂၂. ၆. ၂၀၂၄

ရွှေနဲ့ ဒေါ်လာ စျေးကစားသူတွေကို ဖမ်းဆီး၀ရမ်းထုတ်လိုက်လို့ ရွှေစျေးပြန်ကျလာချိန်မှ ရည်ညွှန်းရွှေစျေးကို ကျပ် ၇ သိန်းခွဲ၊ ၈ သိန်းခွဲလောက် ချက်ချင်းဆွဲတင်လိုက်တဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို စစ်ဆေးအပြီးမှာ ရည်ညွှန်းရွှေစျေးသတ်မှတ်မှု ကျပ် ၄၅ သိန်းခွဲအောက်ရောက်လာပြီး ၃ သိန်းကျော် ကျဆင်းလာပေမဲ့ ပြင်ပစျေးကွက်မှာတော့ အခေါက်ရွှေတစ်ကျပ်သား ၅၃ သိန်းခွဲလောက်ဖြစ်နေတဲ့အပြင် ရည်ညွှန်းစျေးနဲ့ရောင်းပေးသူတွေက အလျော့တွက်၊ လက်ခ အဆမတန် တင်လာကြတယ်ဆိုတဲ့ ဖြစ်စဉ်တွေ ဒီတစ်ပတ်မှာ မြင်ခဲ့ရပါတယ်။

ဒါ့အပြင်လည်း ထိုင်းနိုင်ငံကို သဘာ၀ဓာတ်ငွေ့တင်ပို့မှု နောက်ဆုံး ၆ လအတွင်း ၂၃ ရာခိုင်နှုန်းလျော့ကျခဲ့တာ၊ တရားမဝင်ဒစ်ဂျစ်တယ်ငွေကြေး ရောင်းဝယ်လဲလှယ်တာ၊ နိုင်ငံခြားငွေကြေးကစားနေသူတွေနဲ့ ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူတွေကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့နဲ့ အရေးယူမယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌပြောကြားလာသလို မြန်မာနိုင်ငံရဲ့ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်ရေးအကောင်အထည်ဖော်ရမည့်ကဏ္ဍငါးခု ကြီးမားစွာလိုက်နာသည့်အဆင့် တိုးမြင့်ရရှိပေမဲ့လည်း ပြည်သူလူထုရဲ့ အကျိုးစီးပွား ထိခိုက်စေဖို့ Media တွေနဲ့ တိုက်ခိုက်နေကြတယ်လို့ ပြောလာတာ၊ ရွှေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ စီမံဘဏ္ဍာဝန်ကြီး ပြောကြားလာတာ၊ EV ကားတွေကို ထုတ်လုပ်တဲ့ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ ဖြန့်ဖြူး/ရောင်းချခွင့် သဘာတူစာချုပ် (မူရင်း) ပြသနိုင်မှ တင်သွင်းခွင့်ပြုတော့မှာဖြစ်ပြီး အရင်က စာချုပ်မတင်ပြဘဲ တင်သွင်းထားသူတွေကလည်း ဇွန်လ ၃၀ ရက်နောက်ဆုံးထား တင်ပြရမဲ့အပြင် မတင်ပြနိုင်ရင် တင်သွင်းခွင့်ရုပ်သိမ်းသွားမယ်လို့ ပြောလာတဲ့အကြောင်းတွေ၊ မြန်မာ့ပြောင်းကို တရုတ်၊ ထိုင်းတို့အပြင် အိန္ဒိယဆီလည်း အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ စတင် တင်ပို့နေတယ်ဆိုတဲ့အကြောင်းတွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် ခရီးသွားတွေ တိုးလာတဲ့အကြောင်း၊ မီတာခတွေ တက်လာတော့မယ်ဆိုတဲ့အကြောင်းနဲ့ ပြည်တွင်းဆန်စျေးအဆမတန်ကြီးမြင့်လာလို့ ဆန်လုပ်ငန်းကဏ္ဍက တာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးတဲ့အကြောင်းတွေ သုံးသပ်ချင်ပါတယ်။

တိုးလာတဲ့ ခရီးသွား

မြန်မာနိုင်ငံမှာ နိုင်ငံတကာ ခရီးသွားဧည့်သည်ရောက်ရှိမှုကို ကြည့်မယ်ဆို ၂၀၂၃ ခုနှစ်မှာ ပြည်ပခရီးသွားဧည့်သည် ၁ ဒသမ ၂၈ သန်းဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဝင်ရောက်ခဲ့တဲ့ ၂ သိန်း ၃ သောင်းကျော်နဲ့နှိုင်းယှဉ်မယ်ဆို ၄ ဆခွဲတိုးတက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ပထမငါးလအတွင်း ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုက ၅ သိန်း ၂ သောင်းခန့် ဝင်ရောက်ခဲ့တဲ့အတွက် ယခင်နှစ်အလားတူ ကာလအတွင်း ခရီးသွားဧည့်သည်ရောက်ရှိမှု ၃ သိန်း ၁ သောင်းကျော်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆို ၆၃ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာခဲ့လို့ ဒီတိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းပြီး ကိုဗစ်-၁၉ မတိုင်မီ ဝင်ရောက်ခဲ့တဲ့ ခရီးသွားဧည့်သည်အရေအတွက်ကို ပြန်လည်ပြည့်မီဖို့ အဘက်ဘက်က ဆက်လက်ကြိုးစားဆောင်ရွက်သွားရမယ်လို့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီဥက္ကဋ္ဌက ပြောလာပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာလမတိုင်မီ ခရီးသွားဝင်ရောက်မှုဟာ ဦးသိန်းစိန်လက်ထက်မှာ အမြင့်ဆုံး ၅ သန်းနီးပါးလောက်ရှိရာက NLD အစိုးရဟောင်းလက်ထက်မှာ ၃ သန်းပတ်ခြာလည်ကျသွားပြီး ကိုဗစ်ကာလမှာ လုံး၀မဝင်သလောက်ဖြစ်သွားတာပါ။ ကိုဗစ်ပြီးဆုံးသွားလို့ တစ်ကမ္ဘာလုံး ခရီးသွားပြန်လည်မြှင့်တင်ချိန်မှာလည်း မြန်မာပြည်က ကံဆိုးပြီး နေရာအနှံ့ စစ်မြေပြင်ဖြစ်နေတာကြောင့် ပြည်တွင်းခရီးသွားတွေတောင်မှ နေပြည်တော်၊ ရှမ်းတောင်၊ ပုဂံ၊ ပြည်နဲ့ ဧရာ၀တီတိုင်းလောက်ပဲ သွားလို့ရတဲ့အခြေအနေဖြစ်သွားတာပါ။ ဘက်စုံဖျက်ဆီး တိုက်ခိုက်နေပြီး ကျားဖြန့်ကလည်း ဝင်နှောင့်ထားချိန်၊ တစ်နိုင်ငံလုံး စစ်မြေပြင်ဖြစ်နေပြီလို့ အနောက်နိုင်ငံမီဒီယာတွေက ပုံဖော်ခံနေရပြီး ထိုင်းကလည်း ရွှေတိဂုံ၊ ရွှေတိဂုံဘိုးဘိုးကြီး၊ အမတော်မြနန်းနွယ် ပုံတူတွေတုပပြီး မြန်မာပြည်မသွားအောင်လုပ်လာတယ်လို့ ပျံ့နှံ့လာတဲ့ ဒီလိုအခြေအနေမျိုးမှာ ကမ္ဘာလှည့်ခရီးသွား ၁ သန်းကျော်လာတယ်ဆိုတာကကို အများကြီးတိုးတက်လာတယ်ဆိုတဲ့အခြေအနေဖြစ်ပြီး ဒီအခြေအနေကို ဆက်ထိန်းထားမှ ငြိမ်းချမ်းတဲ့ ဒေသတွေ ပိုများလာမှလည်း ဦးသိန်းစိန်လက်ထက်က အခြေအနေပြန်ရောက်မှာ မီးခိုးမထွက်တဲ့ စက်ရုံကဏ္ဍ လှပနိုင်မှာလို့ ပြောရမှာဖြစ်ပေမဲ့ သဘာ၀အခြေခံခရီးသွားဒေသအကုန်လုံးလိုလိုကတော့ မြေမြှုပ်မိုင်းထောင်ရာတွေဖြစ်သွားလို့ ဒီလိုနေရာတွေကတော့ နောက် အနှစ် ၃၊ ၄၊ ၅၀ နဲ့ ခရီးသွားဝင်ငွေရတော့မှာမဟုတ်ဘဲ လက်နက်ကိုင်တွေမိုက်ပြစ်ဒဏ် ပြည်သူရင်စည်းခံရတော့မဲ့ အခြေအနေဖြစ်သွားမှာ အသေအချာပါ။

တက်လာတော့မဲ့ မီတာခ

စက်မှုဇုန်တွေကို တစ်ရက်ကို မနက် ၅ နာရီကနေ မနက် ၇ နာရီအထိ နှစ်နာရီသာ လျှပ်စစ်မီးပေးခဲ့ပြီး လျှပ်စစ်မီးလိုအပ်ချက်ကို နိုင်ငံတော်က စက်သုံးဆီရောင်းချ‌ပေးကာ မီးစက်တွေနဲ့ ကုန်ထုတ်လုပ်မှုတွေကို ဆောင်ရွက်နေရတာဖြစ်လို စက်မှုဇုန်လုပ်ငန်းရှင်တွေက သက်ဆိုင်ရာတာဝန်ရှိသူတွေထံ တင်ပြတောင်းဆိုခဲ့တာကြောင့် ပြီးခဲ့တဲ့အပတ်ကစပြီး မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ တစ်ရက်ကို ၈ နာရီအထိ တိုးမြှင့်ပေးခဲ့ပါတယ်။ ဒီလိုတိုးမြှင့်ပေးခဲ့တာကြောင့် မီတာခတိုးမြှင့်ကောက်ခံမယ်လို့ တိုင်းဒေသကြီးအစိုးအရ အစည်းအဝေးမှာ လုပ်ငန်းရှင်တွေကို အသိပေးခဲ့ပြီး တိုးမြှင့်မယ့် မီတာခနှုန်းထားကိုတော့ အတည်မပြုရသေးဘဲ မကြာမီတရားဝင် ထုတ်ပြန်ပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက MT News ကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စက်မှုဇုန်တွေကို တိုးမြှင့်ပြီးရင် အိမ်သုံးမီတာခတွေကိုလည်း တိုးမြှင့်သွားဖို စီစဉ်နေတယ်လို သိရပြီး ဘယ်အချိန်နဲ့ ဘယ်လောက်တိုးမှာကိုတော့ မသိရသေးဘူးလိုလည်း ဆိုပါတယ်။ ယခင်မီတာခနှုန်းထား အိမ်သုံး တစ်ယူနစ် အများဆုံး ၅၀ ကျပ်နဲ့ စက်မှုလုပ်ငန်းသုံး တစ်ယူနစ် အများဆုံး ၁၅၀ အထိသာ ကောက်ခံနေရာက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ အိမ်သုံးအတွက် အမျိုးအစားတွေခွဲပြီး တစ်ယူနစ် ၃၅ ကျပ်ကနေ ၁၂၅ ကျပ်အထိတိုးမြှင့်ခဲ့သလို စက်မှုလုပ်ငန်းတွေအတွက် တစ်ယူနစ် ကျပ် ၁၈၀ အထိ တိုးမြှင့်ကောက်ခံထားပြီးဖြစ်ပါတယ်။ ဒီလိုတိုးမြှင့်ကောက်ခံထားပြီးဖြစ်တဲ့ မီတာခနှုန်းထားထက် မကြာခင် ထပ်မံတိုးမြှင့် ကောက်ခံသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင်လည်း နွေဦးတော်လှန်ရေးဆိုပြီး ဖျက်ဆီးတိုက်ခိုက်ကြလို့ လျှပ်စစ်အရင်းအမြစ်တွေက ပျက်စီးနေသလို တချို့ကလည်း လက်နက်ကိုင်တွေ ထိန်းချုပ်နယ်မြေမှာ ဖြစ်နေတာကြောင့် လျှပ်စစ်ကဏ္ဍအကျပ်အတည်းက ပေါ်လွင်နေတဲ့အပြင် တော်လှန်ရေးပြီးမှ မီတာခဆောင်မယ်ဆိုပြီး မီတာမဆောင်ဘဲ ခိုးသုံးနေတဲ့အုပ်စုကလည်း ရှိနေပြန်သေးတာပါ။ ဒီအခြေအနေဟာ ကိုင်တွယ်ဖို့မလွယ်သလို PDF တွေ ကြီးစိုးပြီး NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြို့ ၆၀ ကျော်မှာ လျှပ်စစ်မီးရနေသေးတယ်ဆိုရင် ဒီလျှပ်စစ်မီတာခတွေက တိုင်းရင်းသားလက်နက်ကိုင်တွေအဖို့ တိုက်ပွဲတွေ ဆက်တိုက်စရာ ဝင်ငွေလမ်းကြောင်းဖြစ်လာရင်တော့ ဒီလိုနေရာတွေ လျှပ်စစ်မီး လုံး၀ဖြတ်တောက်ဖို့နဲ့ ဒီလိုမြို့ကလူတွေရဲ့လျှပ်စစ်သုံးစွဲမှု စရိတ်က ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ပြည်သူတွေ ဝန်မပိဖို့ ချိန်ဆတိုးမြှင့်ဖို့ လိုအပ်ပါမယ်။

စစ်ဆေးခံရတဲ့ ဆန်

မြန်မာနိုင်ငံ စားသုံးသူဈေးကွက်အတွင်း ပြည်တွင်းမှာ ‌ဆန်စပါးဈေးနှုန်းတွေ အဆမတန် မြင့်တက်နေလို ဒီလို ပြည်တွင်းမှာ ဆန်စပါးဈေးနှုန်းအဆမတန် မြင့်တက်နေမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေကို ခေါ်ယူပြီး လိုအပ်တာတွေ မေးမြန်းဆွေးနွေး ဆောင်ရွက်နေတယ်လို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က ဖြေကြားထားပါတယ်။ ဒါ့အပြင် ဆန်ဈေးနှုန်း အဆမတန်ကြီးမြင့်နေမှုနဲ့ ပတ်သက်ပြီး ဆန်ကုန်သည်အချိုကိုလည်း ခေါ်ယူစစ်ဆေးနေသလို ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်ဂိုဒေါင်နဲ့ ဆန်ဆိုင်တွေကိုလည်း ဝင်ရောက်စစ်ဆေးနေတယ်လို ဆန်ကုန်စည်ဒိုင်တာဝန်ရှိသူတွေထံမှ စုံစမ်းသိရှိရပါတယ်။ လူမှုကွန်ရက်တွေမှာလည်း ဆန်စျေးမြင့်တက်မှုအတွက် စျေးကွက်တာဝန်ရှိသူတွေ ၃၀ ထက်မနည်း ခေါ်ယူစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ပြည်တွင်းဆန်စျေး ဆိုးဆိုးရွားရွားမြင့်တက်မှုကလည်း အခုရက်ပိုင်းအတွင်း ငစိန်ဆန်တောင် တစ်ပြည် ကျပ် ၃၀၀၀ ကျော်လာလို့ ရန်ကုန်တိုင်းအတွင်းက မြိုနယ် ၁၈ ခုမှာရှိတဲ့ ဆန်ဆိုင် ၅၈ ဆိုင်ကနေ သက်သာတဲ့ဈေးနှုန်းနဲ့ ဧည့်မထဆန်တစ်ပြည် ကျပ် ၃၀၀၀ နဲ့ အောက်တိုဘာလကုန်အထိ ရောင်းချပေးနေတယ်လို့ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း အချို့မြို့နယ်တွေက ဆန်ဆိုင်တွေမှာ ရောင်းချပေးတာမရှိတော့တာကိုလည်း တွေ့ရှိရပါတယ်။ ပြည်တွင်းမှာ အဓိကစိုက်ပျိုးထုတ်လုပ်တဲ့ စပါးက ထွက်ရှိတဲ့ ဆန်ဈေးနှုန်းဟာ သုံးနှစ်အတွင်းမှာ ရာခိုင်နှုန်း ၃၀၀ ကျော်လောက် တက်လာခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ ရွှေဘိုပေါ်ဆန်းဟာ တစ်အိတ်ကိုမှ ကျပ် ၆၀၀၀၀ ပတ်လည်သာဖြစ်ပေမဲ့ လက်ရှိမှာတော့ ရွှေဘိုဆန်ဟာ တစ်ပြည်ကို ကျပ် ၈၀၀၀ နီးပါးရှိနေသလို လက်လီစျေးကွက်မှာ တစ်အိတ်ကို ကျပ် ၂ သိန်း ပတ်ခြာလည်ပါ။ လူလတ်တန်းစားတွေ စားသုံးတဲ့ဆန်အမျိုးအစားတွေတောင် တစ်ပြည်ကို ကျပ် ၆၀၀၀ နားကပ်လာပြီး ဆန်ကြမ်းငစိန်ဟာ တစ်ပြည် ကျပ် ၃၀၀၀ ကျော်နေတာဖြစ်ပါတယ်။

ဒီလိုမျိုး ဆန်စျေးနှုန်းမြင့်တက်နေတာကို ထိန်းဖို့ဆိုပြီး ပြီးခဲ့တဲ့ မိုးစပါးရာသီမှာ တင်း ၁၀၀ ကို ၃၅ သိန်း၊ သိန်း ၄၀ လောက်ဖြစ်နေတဲ့ ရွေဘိုစပါးစျေးကို ရည်ညွှန်းစျေး သိန်း ၂၀ ထက် မပိုဖို့ သတ်မှတ်ခဲ့တာပါ။ ဒီလို သတ်မှတ်ခဲ့ပေမဲ့လည်း ဆန်စျေးက အကျဘက်မသွားဘဲ ထပ်ထပ်ပြီး တက်လာတာကြောင့် ရည်ညွှန်းစျေးသတ်မှတ်မှုဟာ တောင်သူလည်း အကျိုးမရှိ ပြည်သူလည်း နစ်နာပြီး ဆန်ကိုလက်ကြီးလှောင်ထားသူတွေနဲ့ စျေးကစားသူတွေသာ ချမ်းသာပြီးရင်း ချမ်းသာကုန်ကြသလို ဆန်စျေးမထိန်းနိုင်တဲ့ အစိုးရပါ ဝေဖန်ခံရမှု ကြုံခဲ့တာပါ။ ဆန်အသင်းက တာဝန်ရှိသူတွေ၊ ဆန်လုပ်ငန်းရှင်တွေကိုယ်တိုင်ကိုက ဆန်စျေးကစားပြီး ဆွဲတင်နေတာတွေရှိတယ်၊ ဒီလိုစျေးကစားပြီး ဆွဲတင်လို့ ဆန်စျေးအဆမတန်မြင့်တက်လာတိုင်း ရိုးသားတဲ့ လုပ်ငန်းရှင်တွေ ခေါင်းကိုက်ရတယ်ဆိုတာမျိုး ထုတ်ပြောထားတာလည်း နှစ်ချီနေပေမဲ့ ပြည်တွင်းဆန်စျေးအဆမတန်မြင့်တက်အောင် စျေးကစားသူတွေကို ဒီနေ့အထိ မဖမ်းနိုင်ဖြစ်နေသေးချိန်မှာ ဆန်ကဏ္ဍကို အစိုးရကိုင်တွယ်လာတာက ဆန်စျေးအဆမတန် တက်လွန်းလို့ ဆန်ကွဲပါ စားနေကြရပြီဖြစ်တဲ့ မြန်မာပြည်သူတွေက သင့်တင့်မျှတတဲ့ စျေးတန်းတစ်ခုမှာ တည်ငြိမ်အောင် လုပ်ဆောင်ထားနိုင်ပါစေပဲ ဆုတောင်းကြမှာ ဖြစ်သလို အစိုးရအနေနဲ့လည်း ဆန်ကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထိန်းကျောင်းသင့်ရင် ထိန်းကျောင်းရမှာဖြစ်ပြီး နိုင်ငံရေးမကျေလည်မှုအရင်းခံတဲ့ ဆန်စျေးဆွဲတင် စျေးကစားမှုကို အကောင်းမွန်ဆုံးထိန်းချုပ်ပေးပါလို့ တင်ပြတောင်းဆိုရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *