October 18, 2024

၂၂.၆.၂၀၂၄
Written by Hey Mar

၂၀၂၃-၂၀၂၄ ခုနှစ် ခရီးသွားရာသီအစဖြစ်တဲ့ စက်တင်ဘာလကနေ ခရီးသွားရာသီကုန်ချိန် မေလကုန်ပိုင်းအထိ ပြည်တွင်းခရီးသွားအေဂျင်စီတချို့ ခရီးသွားလုပ်ငန်းအ‌ခြေအနေ အရင်နှစ်တွေကထက် ပိုမိုကောင်းမွန်လာခဲ့တယ်လို့ ပြည်တွင်းခရီးသွားအေဂျင်စီတချို့ထံကနေ သိရပါတယ်။

အခုနှစ်အတွင်း ပြည်တွင်းခရီးစဉ်ဖော်ဆောင်ရာဒေသတဝိုက်မှာ မတည်ငြိမ်မှုအခြေအနေတချို့လည်း ရှိခဲ့ပေမယ့် ခရီးသွားပြည်သူတွေကို အကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်ခဲ့ပြီး ဒေသခံသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကာ အေဂျင်စီဘက်ကရော ခရီးသွားပြည်သူတွေဘက်ကပါ ဆောင်ရွက်ခဲ့တာမို့ ကောင်းမွန်တဲ့ ခရီးသွားရာသီနှစ်တစ်နှစ်အဖြစ်ရှိခဲ့တယ်လို့ ပြည်တွင်းပြည်ပ ခရီးသွားဝန်ဆောင်မှု ကုမ္မဏီ တစ်ခုဖြစ်တဲ့ A.M Star ခရီးသွားလုပ်ငန်းဝန်ဆောင်မှုအေဂျင်စီမှ တာဝန်ရှိသူက ဆိုပါတယ်။

A.M Star ခရီးသွားလုပ်ငန်းဝန်ဆောင်မှုအေဂျင်စီမှ တာဝန်ရှိသူက “’အခုနှစ်ရာသီအစမှာ ဝန်ဆောင်ပြီးပေးရတဲ့ ခရီးစဉ် စိတ်ကျေနပ်လောက်အောင် မဟုတ်ပေမယ့် ၂၀၂၄ နှစ်ဆန်း ဇန်နဝါရီလောက်ကနေ စပြီးကောင်းလာပါတယ်။ ဒီကြားထဲတော့တိုင်းရေးပြည်ရေး အခြေအနေ နည်းနည်းအသံထွက်လာရင် ခဏတော့တန့်သွားတယ်ပေါ့နော်။ အသံရပ်သွားတာနဲ့ ခရီးသွားတွေကတော့ ပြန်ပြီးသွားလာလည်ပတ်နေကြတာပါပဲ။ အများဆုံးက ပုဂံဒေသ ၊ ရှမ်းပြည်တောင်ပိုင်းနဲ့ ၊ အမြဲတမ်းဝန်ဆောင်မှုမပြတ်ခဲ့တဲ့နေရာ ကမ်းခြေတွေထဲမှာမှ ဒီနှစ်ထဲ ချောင်းသာဘက်က ကမ်းခြေအသစ် ရွှေသောင်ယံကို ခရီးသွားဧည့်သည်တွေ ပိုကြိုက်ကြပါတယ်” လို့ ပြောပါတယ်။

ပဋိပက္ခတွေဖြစ်ပွားနေပေမယ့် ခရီးသွားလာချင်တဲ့ ခရီးသွားဧည့်တွေကလည်း ပြည်တွင်းခရီးစဉ်တွေနိုင်ငံရေး အ‌ခြေအနေကြောင့် တန့်နေပြီဆိုရင် အိမ်နီချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဘက်ကို အများဆုံးသွားရောက်လည်ပတ်ကြပြီး ဒီနှစ်မှာ အေဂျင်စီ အတော်များများ အများဆုံး ချိတ်ဆက်ပို့ဆောင်ရတာက ချင်းမိုင်နဲ့ ဘန်ကောက်လို့လည်း သိရပါတယ်။

ပြည်ပခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ချင်းမိုင်အခြေစိုက် မြန်မာပြည်လည်ပတ်ရေးခရီးစဉ်တွေ ဝန်ဆောင်မှုပေးနေသူ တစ်ဦးကလည်း”ထိုင်းဘက်က ကိုးကွယ်ယုံကြည်သူတွေက သူတို့ ပူဇော်ပသမယ့် ကတိကဝတ်အချိန်ပေါ့။ ရောက်လာရင် မဖြစ်မနေ မြန်မာပြည်ကို သွားချင်ကြတယ်။ ပြီးခဲ့တဲ့ ၅ လပိုင်းကဆို မြန်မာဘက်နဲ့ ချိတ်ဆက်ရတာ ဗိုလ်တထောင်ဘုရား၊ အမတော်မြနန်းနွယ် ဗိမ္ဗာန်နဲ့ အခုနောက်ပိုင်း ကျိုက္ကလော့စေတီတော်က ဆုပန်ကျာ မင်းသမီးအရိုးအိုးဗိမ္ဗာန်ပေါ့။ အဲ့ဒါတွေ မဖြစ်မနေစီစဉ်ပေးရတယ်။ ဒီဘက်က တိုင်းရေးပြည်ရေး မပြတ်စနည်းနာရတယ်။ ချိတ်ဆက်ပေးရတယ်။ အရင်လို လေးငါးနေရာ လည်ပတ်လို့ အဆင်မပြေရင်တောင် ရန်ကုန်မြို့ထဲ အဲ့ဒီနှစ်နေရာဝင်ပြီး နေချင်းပြန်ခရီးစဉ်တွေ ဖလိုက်ချိန်ညှိပြီး တစ်ညအိပ်ခရီးစဉ်လိုမျိုး စီစဉ်ပေးရတာရှိတယ် “လို့ MT News ကိုပြောပါတယ် ။

မြန်မာနိုင်ငံမှာ နိုင်ငံတကာ ခရီးသွားဧည့်သည်ဝင်ရောက်မှု အခုနှစ်ဆန်း ဇန်နဝါရီလကနေ မေလအထိ (ငါးလတာကာလအတွင်း)၅ သိန်း၂ သောင်းခန့်ဝင်ရောက်ခဲ့ပြီး အရင်နှစ်တွေထက် ရာခိုင်နှုန်းတိုးတက်မှုတွေရှိခဲ့ကာ ကိုဗစ်-၁၉ မတိုင်မီဝင်ရောက်ခဲ့တဲ့ ခရီးသွားဧည့်သည်အရေအတွက်ကိုပြ န်လည်ပြည့်မီရေး အဘက်ဘက်က ဆက်လက်ကြိုးစားဆောင်ရွက်
သွားရမှဖြစ်တယ်လို့ မနေ့က ဇွန်လ ၂၁ ရက်နေ့က နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးအရသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ပြည်ပခရီးသွားဧည့်သည် (၁ ဒသမ ၂၈) သန်းဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်က ဝင်ရောက်ခဲ့တဲ့ ၂ သိန်း ၃ သောင်းကျော်နဲ့ နှိုင်းယှဉ်ပါက (၄)ဆခွဲတိုးတက်ခဲ့တယ်လို့သိရှိရပြီး၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ (ပထမငါးလအတွင်း) ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုက အရင်နှစ်အလားတူကာလအတွင်း ခရီးသွားဧည့်သည်ဝင်ရောက်ခဲ့တဲ့ ၃ သိန်း ၁ သောင်းကျော်နဲ့ နှိုင်းယှဉ်ကြည့်ပါက က ၆၃ ရာခိုင်နှုန်းအထိ သိသိသာသာတိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *