၂၄. ၁၂. ၂၀၂၂
Written by Ye Kyaw
မြန်မာနိုင်ငံတွင် ပြည်ပသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူများသဖြင့် ပြည်တွင်း၌ ပုဂ္ဂလိကဆေးရုံ ဆောင်ရွက်လိုသူများကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံစဥ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မိမိတို့နိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူသူများ များပြားလျက်ရှိကြောင်း၊ ပြည်တွင်း၌ ပုဂ္ဂလိကဆေးရုံလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ပြည်သူများအတွက် များစွာအထောက်အကူပြုမည်ဖြစ်၍ ဆောင်ရွက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင် မိမိတို့နိုင်ငံတွင် ဆေးဝါးလိုအပ်မှုများရှိသဖြင့် အချိုသောဆေးဝါးများမှလွဲ၍ ထုတ်လုပ်နိုင်သည့် ဆေးဝါးများကို လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကစီးပွားရေးကို အားပေးလိုခြင်းဖြစ်ကြောင်း၊ သို့သော် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းကမ်းပိုင်းဆိုင်ရာအရ အစိုးရတစ်ရပ်၏ ထိန်းကျောင်းမှုဖြင့်လည်း ကင်း၍ရနိုင်မည်မဟုတ်သောကြောင့် UMFCCI အနေဖြင့်လည်း နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။