October 18, 2024

၂၂.၆.၂၀၂၄
Written By Zun

KIO/KIA က ငြိမ်းချမ်းရေးရယူထားသော ကချင် ပြည်နယ် လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချန်း စသော ဒေသများကို ဖျက်ဆီးနေကြောင်း ဦးဇခုန်တိန့်ယိန်းက ပြောကြားလိုက်သည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်က ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေး ဖော်ဆောင်ပေးကြရန် ကချင်ပြည်နယ်အထူး ဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ပန်ကြားသည့် ထုတ်ပြန်ပြန်ချက်တွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကချင်အထူးဒေသ (၁) တွင် ပြီးခဲ့သည့် ဧပြီလကတည်းကပင် တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် စစ်ရေးတင်းမာနေကြောင်းလည်း သိရသည်။

ကချင်ပြည်နယ်အထူးဒေသ(၁) တွင် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ကန်ပိုင်တည်ဒေသတို့ ပါဝင်ကြောင်း သိရည်။

“KIO/KIA လူကြီးမင်းတို့က ကျွန်တော်တို့ငြိမ်းချမ်းရေးရ ယူ ထားတဲ့ လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချန်းနဲ့ အတူပူး ပေါင်းနေထိုင်တဲ့ ဒေသကိုဖျက်ဆီးလာပါတယ်။ ကျွန်တော်တို့ က အဖျက်မခံ ခုခံကြပါသဖြင့် နှစ်ဖက်နစ်နာတာသေချာပါတယ်။ ကျွန်တော်တို့ကို ဖျက်ဖို့ ခင်ဗျားတို့ကြိုးစား တိုင်း ခင်ဗျားတို့လည်း ထိခိုက်နစ်နာကြမယ်ဆိုတာ အသိစိတ်ကောင်းဝင်ကြပါစေ။ ကျွန်တော်တို့လူမျိုးများ အကြား အဖွဲ့အစည်းများအကြား တရားမဲ့ ဥပဒေမဲ့ပြုမူဆက်ဆံတဲ့ အကျင့်ဆိုးများ၊ စရိုက်ဆိုးများ ကင်းရှင်းနိုင် ကြပါစေ”ဟု ဦးဇခုန်တိန့်ယိန်းက ပန်ကြားလွှာတွင် ထည့်သွင်းပြောဆိုရေးသားထားသည်။

မိမိတို့အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ကချင် ပြည်နယ်မှ တိုင်းရင်းသားလူမျိုးစုများဖြစ်ကာ မေခမြစ်ရိုးနှင့် ရှန်ငေါ်တောင်တန်းဒေသရှိ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်များမှ ဒေသခံများဖြစ်ကြပြီး ငြိမ်းချမ်းသာယာသော ဘဝကို တန်ဖိုးထားမြတ်နိုးကြသူများဖြစ်သောကြောင့် ပြည်သူလူထု ငြိမ်းချမ်းသာယာသောဘဝရရှိရေးအတွက် ကူညီပေးကြစေလိုပါကြောင်း အဆိုပါပန်ကြားလွှာတွင် ဖော်ပြထားသည်။

ယင်းအပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်စားဝတ်နေထိုင်သည့် ဘဝအာမခံချက်ရရှိသူများ အလွန်ဖြစ်လိုသည့်အတွက် ကူညီပေးကြရန်၊ ပြည်သူများ ကြောက်ရွံ့စိုးရိမ်ရသည့်ဘဝ မခံစားကြစေရန်၊ ငြိမ်းချမ်းသောပတ်ဝန်းကျင် ငြိမ်းချမ်းသောဘဝရရှိမှသာ တိုင်းရင်းသားလူမျိုးများ ဘဝဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သောကြောင့် ကူညီပေးကြရန်လည်း ထပ်လောင်း ပန်ကြားထားသည်။

ထို့အပြင် လူသားအချင်းချင်း အနိုင်ကျင့်ချုပ်ချယ်ခြင်းကို လုံးဝမလိုလား၊ လုံးဝမခံယူလိုကြောင်း၊ မိမိတို့ဘက်မှ လူမျိုးများ ညီနောင်တိုင်းရင်းသားပြည်သူများအပေါ်ပြစ်မှားသည့် ဆန္ဒသဘောထားလုံးဝမရှိစေချင်သူများ ဖြစ်ကြောင်း၊ သေနတ်သံ၊ ဗုံးသံ၊ တိုက်ခိုက်သံများ ၊ ဒုက္ခရောက်ရသည့် ငိုကြွေးသံများ စသည်တို့ကို လုံးဝမကြားလိုကြောင်းနှင့် မတရားမှုကိုလည်း မမြင်လိုသောကြောင့် လူကြီးမင်းတို့၏ ကူညီမှုနှင့်ချစ်ခြင်းမေတ္တာကို ခံစားနိုင်ရန်မျှော်လင့် တောင်းတလျက်ရှိနေသူများဖြစ်ကြောင်းလည်း ယင်းတွင် ဖော်ပြထားသည်။

မင်းတို့အခု လူစု၊ စစ်ချီပြီး သူတစ်ပါးကို တိုက်ခိုက်သတ်ဖြတ် လုယက် ဖျက်ဆီး ရန်ဖြစ်နေတယ်။ မင်းတို့လည်း ထိခိုက်ကျဆုံးမှုတွေ ကြုံရမယ်။ မင်းတို့ကို ခုခံတိုက်ခိုက်လိမ့်မယ်။ မင်းတို့လည်းကျဆုံးမှုဖြစ်မယ်ဆိုတာသိပြီးပြီလား။ သူများကိုဖျက်ဆီးခြင်းဖြင့် မင်းကိုယ်တိုင်ပျက်စီးနေပါတယ်။ ဖျက်ဆီးခံရသူ ကျူးလွန်ဖျက်ဆီးသူ နှစ်ဦးနှစ်ဖက်ပျက်စီးသွားရတာဖြစ်ပါတယ်။ နှစ်ဖက်စလုံးဖျက်ဆီးခံရတာ ဖြစ်တယ်ဆိုတာ လူတွေဘာဖြစ်လို့ မသိကြတာလဲ။ အဖြေက ငြိမ်းချမ်းရေးရရှိရေးဘဲဖြစ်ပါတယ်”ဟု ၎င်းက ထည့်သွင်းရေးသားထားသည်။

ကချင်ပြည်နယ်အတွင်းတွင် ဂျိန်းဖောများ၊ ခခူးဒူလျင်၊ ဂေါင်ရီ၊ လဘန်အင်ဘွန်ပီးဆားနှင့် လော်ဝေါ်၊ လချိဒ်၊ ငေါ့ချန်း၊ ဇိုင်ဝါ၊ လီဆူ ၊ ဗမာ၊ ရှမ်းနှင့်တရုတ်အနွယ်ဝင်၊ အိန္ဒိယအနွယ်ဝင်များ နေထိုင်လျက်ရှိကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *