October 18, 2024

၂၂.၆.၂၀၂၄.
Translated by Htwe Ko Tun

မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ်၏ ပထမငါးလအတွင်းလာရောက်သူ ကမ္ဘာလှည့်ခရီးသွားဦးရေမှာ ၅၂၀,၀၀၀ ဦးအထိရှိခဲ့ကြောင်း အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ပြောကြားချက်ကို ကိုးကားလျက် ရှင်ဟွာသတင်းဌာနက ဇွန်လ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီက ယခင်နှစ်အလားတူကာလက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သူ ကမ္ဘာလှည့်ခရီးသွား ၃၁၀,၀၀၀ ကျော်သာရှိခဲ့၍ ၂၀၂၄ ခုနှစ်တွင် တိုးတက်လာခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ယခုနှစ်တွင် ဇန်နဝါရီလ၌ ခရီးသွား ၁၄၀,၀၀၀ နှင့် ဖေဖော်ဝါရီလ၌ ၁၂၀,၀၀၀ လာရောက်ခဲ့ကြရာ ထိုနှစ်လတွင် ၂၆၀,၀၀၀ ဦးကျော် လာရောက်လည်ပတ်ခဲ့ခြင်းဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောခဲ့သည်။ အများဆုံးလာရောက်ကြသည့်ခရီးသည်များမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှဖြစ်ကြောင်းလည်း သိရသည်။

သို့သော် ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက အဆိုပါတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန်နှင့် မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကပ်ရောဂါကာလမတိုင်မီအချိန်က လာရောက်ခဲ့ကြသော ကမ္ဘာလှည့်ခရီးသွားအရေအတွက်ကို ပြန်လည်ရရှိရေးကြိုးစားကြရန် ပြောခဲ့သည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် ၅ သန်းနီးပါးအထိမြင့်တက်ခဲ့သည်။ ထို့နောက် အစိုးရအပြောင်းအလွဲဖြစ်ပြီးနောက် ပြန်လည်ကျဆင်းလာခဲ့ရာနှစ်စဉ် ၃ သန်းပတ်ဝန်းကျင်သာရှိခဲ့သည်။ ကပ်ရောဂါကာလတွင် ခရီးသွားဝင်ရောက်မှုလုံးဝမရှိသလောက်ဖြစ်ခဲ့ရရာမှ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၁ ဒသမ ၂၈ သန်းလာရောက်ခဲ့သည်ဟု လည်း သိရသည်။

Ref-Xinhua

Leave a Reply

Your email address will not be published. Required fields are marked *