၂၂.၆.၂၀၂၄
Written by Hey Mar
တိုင်းသိပြည်သိဂယက်ရိုက်လာတဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မှာ အိမ်တွင်းအကြမ်းဖက် သတ်ဖြတ်ခံရသူ မထက်ထက်ဇော်အတွက် အိတ်ဖွင့်ပေးစာတစ်စောင်ကို အမှုမှာ ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းအခြေစိုက် Sisters to Sisters အဖွဲ့က Lion Battalion စစ်ကြောင်းဆီ မနေ့က ဇွန်လ ၂၁ ရက်နေ့မှာ ပေးပို့အပြီး ဒီနေ့မှာတော့ Lion Battalion စစ်ကြောင်းမှူးဗိုလ်အယ်စေးဝါးက တရားမျှမှုရရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း Sisters to Sisters ဆီ ပြန်လည်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
Sisters to Sisters အဖွဲ့အနေနဲ့ အခုလိုအိတ်ဖွင့်ပေးစာ ပေးပို့ရတာက Lion Battalion စစ်ကြောင်းအနေနဲ့ တရားခံကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းခြင်းမပြုတော့ဘဲ KNU ရဲ့ တရားစီရင်ရေးအရ အမှုစီရင်မယ်ဆိုတာကြောင့် ထိုင်းဘက်အခြမ်းမှာ အမှုဖွင့်လှစ်ဆောင်ရွက်နေတဲ့ ရဲအရေးပိုင်ဖြစ်နေပြီး တရားခံဖမ်းဆီးရမိခြင်းမရှိရင် နစ်နာသူ သေဆုံးသူရဲ့ မိသားစုဝင်တွေက အမှုပိတ်တာ အလောင်းထုတ်ယူတာတွေ ဆောင်ရွက်လို့မရနိုင်ဘဲ ရုပ်အလောင်းထုတ်ယူသင်္ဂြိုဟ်ခွင့်မှာ အခက်အခဲကြုံနေရတာကြောင့် တရားခံလွှဲပေးဖို့တောင်းဆိုတာပါ။
အဆိုပါ အိတ်ဖွင့်ပေးစာမှာ အချက်(၆)ချက်ပါရှိပြီး ပြစ်မှုကျူးလွန်သူ ကျူးလွန်ခဲ့တဲ့ အချိန်ကစလို့ ကော်သူလေးနယ်မြေမှာ Lion Battalion စစ်ကြောင်းထံ ခိုလှုံရာကနေ လူသတ်တရားခံမှန်းသိချိန်ထွက်ပြေးပြီးမှ ပြန်အဖမ်းခံလို့ ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တွေအထိ အဆင့်ဆင့်တင်ပြထားကာ ထိုင်းမြေပေါ်မှာဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုဖြစ်စဉ်မို့ ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းစီရင်စေတာက အသင့်ဆုံးလို့ Sisters to Sisters ယူဆတဲ့အတွက် Lion Batallion စစ်ကြောင်းအနေနဲ့ တရားခံကို အမြန်ဆုံးလွှဲပြောင်းနိုင်စေရေးအတွက် ပူးပေါင်းပါဝင်ကူညီဖို့ မေတ္တာရပ်ခံခဲ့တာပါ။
အိမ်တွင်းအကြမ်းဖက်မှုကြောင့် သေဆုံးရတဲ့ မထက်ထက်ဇော်ရဲ့ ဖြစ်စဉ်ကို ပြည်တွင်းမီဒီယာနဲ့ ပြည်ပရောက် မြန်မာမီဒီယာ အဖွဲ့အစည်းတချို့က ဝိုင်းဝန်းထောက်ပြ ရေးသားလာပြီး အခုလို အိတ်ဖွင့်ပေးစာပေးပို့အပြီးမှာ တရားခံနဲ့ နစ်နာသူအတွက် တရားမျှမှုကိုတောင်းဆိုလာတဲ့ နောက်ပိုင်း Lion Battalion အဖွဲ့အနေနဲ့ အိမ်တွင်းအကြမ်းဖက်တရားခံ ဝဠာ(ခေါ်) ဇော်ဝင်းထွဋ်တောင်းဆိုထားတဲ့ KNU တရားစီရင်ရေးနဲ့ စီရင်မယ်ဆိုတာကို ပြန်လည်ပြင်ဆင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းထံ အပ်နှံပူးပေါင်းဆောင်ရွက်မယ်လို့ အကြောင်းပြန်အသိပေးလာတာလည်း ဖြစ်ပါတယ်။
Lion Battalion စစ်ကြောင်း ပြန်ကြားစာမှာတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲ့ မဲဆောက်ဆေးရုံ အအေးခန်းထဲမှာ စွန့်ပစ်ခံထားရတဲ့ အိမ်တွင်းကြမ်းဖက်ခံပြီး သေဆုံးရသူ မထက်ထက်ဇော် အလောင်းမြေမကျမှုအတွက် ၎င်းတို့စစ်ကြောင်းအနေနဲ့ များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ လတ်တလောမှာ အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်က တရားခံကို ၎င်းတို့အဖွဲ့မှ ဖမ်းဆီးထိမ်းသိမ်းထားပြီး သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းထံ အပ်နှံနိုင်ရန် ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း၊ Lion Battalion အဖွဲ့အနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ တရားမျှတမှုရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ Sisters to Sisters ဆီ ပြန်လည်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။