၂၂.၆.၂၀၂၄
Written By Zun
လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)တွင် အသက် ၇ နှစ်အရွယ်နှင့် ၉ နှစ်အရွယ် ညီအမတော်စပ်သူ မိန်းကလေးငယ်နှစ်ဦးအား ဓမ္မတာနှင့်ဆန့်ကျင် ကာမစပ်ယှက်ရန်ကြိုးပမ်းသူ လူငယ်တစ်ဦး ဖမ်းဆီးခံရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်း အဝိုင်းက သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က ကလေးမိဘများဖြစ်ကြသော ကိုကျော်…နှင့် မဝင်း…တို့ ဇနီးမောင်နှံနှစ်ဦး အလုပ်သွားလုပ်ရန်အတွက် သမီးဖြစ်သူ အသက် ၉ နှစ်အရွယ် မ….နှင့် အသက် ၇ နှစ်အရွယ် မ…..တို့အား အဆောင်အောက်ထပ်အခန်းနေ အသက် ၃၉ နှစ်အရွယ် မထားထားထံ အပ်နှံခဲ့ကြောင်း သိရသည်။
ယင်းနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ကလေးများအား လက်ခံထားခဲ့သူ မထားထားက ကလေးများ၏ ဖခင်ဖြစ်သူ ကိုကျော်….ထံ ကလေးငယ်နှစ်ဦးနှင့်ပတ်သက်၍ ဖုန်းဆက်သွယ်ပြောပြသောကြောင့် ကိုကျော်..နှင့် မဝင်း….တို့ ဇနီးမောင်နှံနှစ်ဦး အဆောင်သို့ ပြန်လာခဲ့ကြကြောင်း သိရသည်။
“ကလေးမိဘတွေက အထည်ချုပ် အလုပ်သမားတွေလေ။ သူတို့က အလုပ်သွားရင် ကလေးတွေကို အပ်ထားခဲ့ကြတာပေါ့။အခုလို ဖြစ်တဲ့ဖြစ်စဉ်မှာ ကျူးလွန်သူကလည်း အိမ်ထောင်သည်ပါဗျာ။ ဒါမျိုးကို ဘယ်လိုစိတ်ကူးနဲ့ ကျူးလွန်သလဲမသိဘူး။ ထိထိရောက်ရောက်တော့ အရေးယူတာမျိုးဖြစ်သင့်ပါတယ်”ဟု ဖြစ်စဉ်အပေါ် အခြေခံ၍ ယင်းဒေသခံတစ်ဦးက MT News ကို ပြောသည်။
မထားထား၏ပြောပြချက်အရ ကလေး(၂)ဦးအား အခန်းအတွင်း သော့ခတ်၍သိပ်ထားခဲ့ရာမှ (၁၀)မိနစ်ခန့်အကြာပြန်လာချိန်တွင် အခန်း(၂)ခုကြား သုံးထပ်သားဖြင့်ကာရံထားသည့် ထုပ်တန်းပေါ်မှဆင်းလာသော လှိုင်းထက်အား တွေ့ရှိရကြောင်း သိရသည်။
ယင်းကြောင့် ကလေး(၂)ဦးအား မေးမြန်းရာတွင် နေအိမ်အတွင်း လှိုင်းထက် ရောက်ရှိလာပြီး အသက် ၇ နှစ်အရွယ် ညီမငယ်ဖြစ်သူအား ပေါင်ပေါ်တွင် ထိုင်ခိုင်းပြီး ၎င်း၏ ယောက်ျားတန်ဆာကို ကိုင်တွယ်စေခြင်း၊ အစ်မဖြစ်သူ ၉ နှစ်အရွယ် မိန်းကလေးငယ်၏ မိန်းမကိုယ်ကိုလည်း လှိုင်းထက်က လက်ဖြင့်ပွတ်သပ်၍ လက်ညှိုးဖြင့် ထိုးသွင်းခြင်းများပြုလုပ်ခဲ့သည်ဟု ကလေးများက တညီတညွတ်တည်း ပြောဆိုကြောင်း သိရသည်။
ယင်းအမှု ဖြစ်စဉ်တွင် တရားလိုနှင့် တရားခံတို့မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ …… လမ်းတွင်နေထိုင်ကြသူများ ဖြစ်သောကြောင့် အမှတ်(၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ကလေးများ၏ မိဘများက သွားရောက်တိုင်ကြားခဲ့ရာ အုပ်ချုပ်ရေးမှူးရုံးက လှိုင်းထက်အား ခေါ်ဆောင်ပြီး အမှတ်(၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်တင်နှင့် ၎င်း ၏ဇနီး ဒေါ်ခင်လေးနွယ်တို့မှ မေးမြန်းရာ လှိုင်းထက်က ကလေးငယ်များအား အထက်ပါအတိုင်း လုပ်ဆောင်ခဲ့ခြင်းကို ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
ယခုအခါ အဆိုပါ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှိ တာဝန်ရှိသူများက လှိုင်းထက်အား ရဲစခန်းသို့ပို့အပ်၍ ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းထားသောကြောင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း က (ပ) ၅၂ /၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၇၇/၃၅၄ ဖြင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။