October 23, 2024

◾️ ဆန်ကုန်သည်အချို့ကို ခေါ်ယူစစ်ဆေးနေသလို ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များကိုပါ ဝင်ရောက်စစ်ဆေးနေဟု သိရ

၂၂. ၆. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်း၌ ဆန်ဈေးနှုန်း အဆမတန်မြင့်တက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများကို ခေါ်ယူစစ်ဆေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ဖြေကြားခဲ့သည်။

ပြည်တွင်း၌ ဆန်ဈေးအဆမတန်မြင့်တက်နေနှင့် ပတ်သက်ပြီး ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများကို ခေါ်ယူစစ်ဆေးနေကြောင်း သတင်းထွက်ပေါ်မှုအပေါ် မီဒီယာများက မေးမြန်းမှုအပေါ် SAC သတင်းထုတ်ပြန်ရေးအဖွဲ့က“မြန်မာနိုင်ငံစားသုံးသူဈေးကွက်အတွင်း ပြည်တွင်း၌ ဆန်စပါးဈေးနှုန်းများအဆမတန် မြင့်တက်လျက်ရှိသည်။ ထိုသို့ ပြည်တွင်း၌ ဆန်စပါးဈေးနှုန်းအဆမတန် မြင့်တက်နေမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအား ခေါ်ယူ၍ လိုအပ်သည်များ မေးမြန်းဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်” ဟု ပြန်လည်ဖြေကြားထားသည်။

ထို့ပြင် ပြည်တွင်းဆန်ဈေးနှုန်း အဆမတန်ကြီးမြင့်နေမှုနှင့် ပတ်သက်ပြီး ဆန်ကုန်သည်အချို့ကို ခေါ်ယူစစ်ဆေးနေသလို ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များကိုလည်း ဝင်ရောက်စစ်ဆေးနေကြောင်း ဆန်ကုန်စည်ဒိုင်တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

ပြည်တွင်းဆန်ဈေးနှုန်းသည် ယခု သုံးနှစ်အတွင်း ရာခိုင်နှုန်း ၂၀၀ မှ ၃၀၀ ကျော်အထိ ဆန်အမျိုးအစားအလိုက် ခုန်တက်ခဲ့သလို ထိုသို့ ဆန်စျေး အဆမတန်ကြီးမြင့်နေမှုနှင့် ပတ်သက်ပြီး ဆန်ကုန်သည်အချို့ကို ခေါ်ယူစစ်ဆေးနေသည့်အပြင် ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များကိုလည်း ဝင်ရောက်စစ်ဆေးနေကြောင်း ဆန်ကုန်စည်ဒိုင်တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

“ငါတို့လည်း မပြောချင်ဘူးကွာ။ ဇာတ်လမ်းက တအားရှုပ်နေလို့ပါ။ သတင်းတွေတော့ ကြားတယ်” ဟု မူဆယ်ဆန်ကုန်စည်ဒိုင်မှ တာဝန်ရှိသူက MT News သို့ ပြောသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆိုင်ဂိုဒေါင်နှင့် ဆန်ဆိုင်များသို့လည်း ဝင်ရောက်စစ်ဆေးနေမှုများနှင့် ပတ်သက်ပြီး ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ တာဝန်ရှိသူက “အကိုတို့ပြောပြလို့မရသေးဘူး။ ဆိုင်တွေတော့ လာစစ်တာတွေတော့ရှိတယ်။ ဒါပေမဲ့ သေချာမသိသေးဘူး” ဟု MT News သို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း ဝါတန်းဆန်ကုန်စည်ဒိုင်တွင် ပေါ်ဆန်းရှယ် တစ်အိတ် ကျပ် ၁၆၃,၀၀၀ (တစ်ပြည် ၆၈၀၀ ကျပ်)၊ လူလတ်တန်းစား အများဆုံးစားသည့် ကြားပျံရှယ် တစ်အိတ် ကျပ် ၁၄၅,၀၀၀ (တစ်ပြည် ၆၀၀၀ ကျပ်နှင့် ငစိန်ဆန်ကြမ်း တစ်အိတ် ကျပ် ၇၅,၀၀၀ (တစ်ပြည် ၃၁၀၀ ကျပ်ကျော်)ရှိသည်။
 
သို့သော် လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းထူးထူးရှယ် တစ်အိတ် ကျပ် ၁၉၀,၀၀၀ အထိဖြစ်ပေါ်နေပြီး (တစ်ပြည် ကျပ် ၈၀၀၀ ခန့်)၊ လူလတ်တန်းစား အများဆုံးစားသည့် ကြားပျံရှယ်တစ်အိတ် ကျပ် ၁၆၀,၀၀၀ ကျော် (တစ်ပြည် ၆၇၀၀ ကျပ်)နှင့် ငစိန်ဆန်ကြမ်းတစ်အိတ် တစ်ပြည် ၃၂၀၀ အထိ မြင့်တက်နေခြင်းဖြစ်သည်။

ထို့အတူ မဂျမ်းတောဆန် တစ်အိတ် ကျပ် ၁၆၇,၀၀၀ ကျပ် (တစ်ပြည် ၇,၀၀၀ ကျပ်ခန့်)၊ ဆင်းသွယ်ဆန် တစ်အိတ် ကျပ် ၁၂၄,၀၀၀ (တစ်ပြည် ၅,၂၀၀ ကျပ်ခန့်)၊ ရတနာတိုးဆန် တစ်အိတ် ကျပ် ၁၁,၈၀၀၀ (တစ်ပြည် ၅,၀၀၀ ခန့်)အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ထို့ပြင် ဆန်ချောမတတ်နိုင်သော ပြည်သူများ ဆန်ကြမ်းပြောင်းလဲစားသုံးမည်ဆိုပါကလည်း ရက် ၉၀ ဆန်တစ်ပြည် ၃၈၀၀ ကျပ်၊ ဇီယာဆန်တစ်ပြည် ၃၇၀၀ ကျပ်၊ မနောသုခဆန် တစ်ပြည် ၄၀၀၀ ကျပ်နှင့် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် ဧည့်မဆန်ကြမ်းအသစ်သည်ပင် ဝါးတန်းဆန်ကုန်စည်ဒိုင်တွင် တစ်အိတ် ကျပ် ၇၈,၀၀၀ (တစ်ပြည် ၃၂၅၀ ကျပ်) အထိဖြစ်ပေါ်နေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၈ ခုရှိ ဆန်လက်လီအရောင်းဆိုင် ၅၈ ဆိုင်မှတစ်ဆင့် သက်သာသောဈေးနှုန်းဖြင့် ဧည့်မထဆန်တစ်ပြည် ကျပ် ၃၀၀၀ ဖြင့် တစ်လလျှင် ဆန်အိတ် ၁၀,၀၀၀ ဝန်းကျင် ရောင်းချပေးနေပြီး ဆန်ရောင်းချမှုအား လာမည့် အောက်တိုဘာလကုန်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

သို့သော် သက်သာသောဈေးနှုန်းဖြင့် ဧည့်မထဆန်များ ရောင်းချပေးနေသည့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဆန်ဆိုင်အချို့တွင် ယခုရက်ပိုင်းအတွင်း ဆက်လက်ရောင်းချပေးမှုမရှိတော့ကြောင်း တွေ့ရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *