◾️ ရွှေဆိုင်များက သတ်မှတ်ရွှေဈေးနှုန်းဖြင့် ရောင်းချပေးနေသော်လည်း အလျော့တွက်လက်ခများ ယခင်ထက် ပိုမိုတင်ယူနေဟု သိရ
၂၂. ၆. ၂၀၂၄
Written by Nyein Kyaw
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ တာဝန်ရှိသူများကို ခေါ်ယူစစ်ဆေးပြီးနောက် ၎င်းတို့ဆွဲတင်ခဲ့သည့် သတ်မှတ်ရည်ညွှန်းရွှေဈေးအား နှစ်ပတ်အတွင်း ကျပ် ၃၂၅,၀၀၀ ခန့်အထိ လျှော့ချသတ်မှတ်ခဲ့၍ ယနေ့တွင် ကျပ် ၄၅ သိန်းခွဲအောက်သို့ ထပ်မံကျဆင်းခဲ့သည်။
ဝိသမလောဘသမားများ ရွှေဈေးနှုန်းဆွဲမတင်မီအချိန်အထိ သတ်မှတ်ရည်ညွှန်းရွှေဈေးသည် ကျပ် ၃,၉၉၉,၀၀၀ ဝန်းကျင်သာ သတ်မှတ်ခဲ့ပြီး ဈေးကစားဆွဲတင်မှုကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၅၈ သိန်းကျော်အထိ ဖြစ်ပေါ်ချိန်တွင် ကျပ် ၄၁ သိန်းကျော်အထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဈေးကစားသူများကို အရေးယူပြီး ရွှေဈေးနှုန်း ပြန်ကျဆင်းချိန်တွင် ကျပ် ၄,၈၇၀,၀၀၀ ကျော်အထိ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆွဲတင်မှုအတွက် YGEA ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား SAC က ရွှေဈေးနှုန်းတွက်ချက်မှုများ ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၁၀ ရက်မှစတင်၍ သတ်မှတ်ရွှေစျေးမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄၆ သိန်းခွဲကျော်သို့ ပြန်လည်ကျဆင်းခဲ့ပြီး ယမန်နေ့မှစတင်၍ ကျပ် ၄,၅၄၆,၃၈၁ အထိ ထပ်မံလျှော့ချသတ်မှတ်ခဲ့သဖြင့် ၎င်းတို့ဆွဲတင်ခဲ့သည့် ကျပ် ၄,၈၇၁,၀၀၀ ထက် နှစ်ပတ်အတွင်း ကျပ် ၃၂၄,၆၁၉ ကျဆင်းခဲ့သည်။
ယခုလျှော့ချသတ်မှတ်ထားသည့် ကျပ် ၄,၅၄၆,၃၈၁ ဖြင့်သာ ပြည်တွင်းရှိရွှေဆိုင်များအားလုံး ရောင်းချရမည်ဖြစ်ကြောင်း၊ ရွှေဈေးနှုန်းဆွဲတင် ဈေးကစားမှုကြောင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရသည့် ဆိုင်များတွင်ပါဝင်ခဲ့သော နာမည်ကြီးရွှေဆိုင်များဖြစ်သည့် အကယ်ဒမီ၊ အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်ရွှေဆိုင်တို့တွင်လည်း သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း YGEA က ထုတ်ပြန်ထားသည်။
YGEA ၏ သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းသည် ဇွန်လ ၃ ရက်အထိ ကျပ် ၄၁ သိန်းကျော် သတ်မှတ်ထားသည့် ရွှေဈေးအား ဇွန်လ ၄ ရက်မှ ဇွန်လ ၉ ရက်အထိ ကျပ် ၄,၈၇၀,၀၀၀ ကျော်မှ ကျပ် ၄,၇၉၀,၀၀၀ ကြား တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၀ ရက်တွင် ၄,၆၅၅,၀၄၇ ကျပ်သို့ စတင်လျှော့ချခဲ့ပြီး ယမန်နေ့အထိ ဈေးနှုန်းထပ်မံလျော့ချမှု ၉ ကြိမ်ပြုလုပ်ခဲ့ပြီး လက်ရှိတွင် ကျပ် ၄၅ သိန်းခွဲအောက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
သို့သော် ရွှေဆိုင်အချို့တွင် ရွှေရောင်းချရာတွင် ဘောင်ချာတွင် အစိုးရသတ်မှတ်ဈေးနှုန်းဖြင့် ဖွင့်လှစ်ရောင်းချသော်လည်း ပြင်ပရွှေဈေးနှုန်း ကျပ်သိန်း ၅၀ ကျော်နှင့်ညီမျှသည့် ဈေးနှုန်းဖြစ်အောင် အလျော့တွက်လက်ခများကို ယခင်ထက်ပိုမိုထည့်သွင်းကာ ရောင်းချနေကြောင်း သိရသည်။
“သွားဝယ်ရင်တော့ ဘောင်ချာဖွင့်ရင်တော့ ထိပ်က ၁၅ ပဲရည် တစ်ကျပ်သား ဘယ်လောက်ဈေးဆိုတာကို သတ်မှတ်တဲ့ဈေးနဲ့ ပေးတယ်။ ဒါပေမဲ့ အောက်မှာ အလျော့တွက်လက်ခမှာ ပုံမှန် ၁ ပဲယူတဲ့ဟာကို ၃ ပဲတို့၊ ၄ ပဲတို့ယူချလိုက်တာ။ အလျော့တွက် ဘာလို့များလည်းဆိုတော့ သူတို့က နားလှည့်ပါးရိုက်တဲ့အကြောင်း ရှင်းပြတယ်။ သူတို့တူးဖော်ရတဲ့ ဈေးအလိုက် ရေးမယ်ဆိုရင်တော့ အစိုးရသတ်မှတ်ဈေး မဟုတ်ရင် သူတို့ဆိုင်အသိမ်းခံရမှာစိုးလို့ဆိုပြီး အဲလို ပေါင်းထည့်ထားတာပါ။ ပြန်ရောင်းမယ်ဆိုရင်လည်း သေချာလေး ပြန်တွက်ပြီးတော့ လုပ်ပေးမှာပါလို့ ပြောတယ်” ဟု လတ်တလော ရွှေသွားလုပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။
သတ်မှတ်ရွှေဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် အလျော့တွက်လက်ခများ တင်ယူနေမှုနှင့် ပတ်သက်ပြီး လက်ရှိတွင် အဆိုပါသတ်မှတ်ဈေးဖြင့် ရောင်းချပေးနေသည့် အောင်သမာဓိရွှေဆိုင်သို့ MT News က အလျော့အတွက်လက်ခ ၃ ပဲ၊ ၄ပဲ အထိ သတ်မှတ်ထားခြင်း ရှိ/မရှိ မေးမြန်းခဲ့ရာတွင် ယင်းကဲ့သို့ လျော့တွက်လက်ခတင်ပြီး ရောင်းချခြင်းမရှိဟု တိုက်ရိုက်မဖြေကြားခဲ့ဘဲ လျှော့တွက်လက်ခကို သတ်မှတ်ထားပြီး ယခုပြော၍မရကြောင်းနှင့် အမျိုးအစားအလိုက် သတ်မှတ်ထားကြောင်း ဖြေကြားခဲ့သည်။
“အထည်က လာဝယ်လို့ရတယ်။ အလျော့တွက်လက်ခက အစားစားလေးပါပါတယ်။ အလျော့တွက်လက်ခတော့ သတ်မှတ်ထားပါတယ်။ လာမှပဲ ကိုယ်လုပ်မယ့်အထည်အမျိုးအစားပေါ်မှာ မူတည်ပါမယ်” ဟု အောင်သမာဓိရွှေဆိုင်မှ တာဝန်ရှိသူက ဖြေကြားခဲ့သည်။
ပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ယနေ့တွင် ကျပ် ၅၃ သိန်းခွဲကျော်အထိ ဖြစ်ပေါ်နေပြီး ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများမှာ ဇွန်လ ၁၈ ရက်တွင် ကျပ် ၅,၄၈၀,၀၀၀၊ ဇွန်လ ၁၉ ရက်တွင် ကျပ် ၅,၄၄၀,၀၀၀ ကျပ်၊ ဇွန်လ ၂၀ ရက်တွင် ကျပ် ၅,၃၇၀,၀၀၀၊ ဇွန်လ ၂၁ ရက်တွင် ကျပ် ၅,၃၈၀,၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။