၂၂.၆.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ အာကန်ဆတ်ပြည်နယ်၊ Fordyce မြို့တွင် ကုန်စုံဆိုင်တစ်ခု၌ ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူသုံးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဇွန်လ ၂၁ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းပွဲတစ်ရပ်၌ ပြောကြားခဲ့သည်။
ပစ်ခတ်မှု၏တရားခံဟု အာဏာပိုင်များကပြောကြားသော ထရာဗီးစ် ယူဂျင်းပိုဆီ ဆိုသူမှာလည်း ဒဏ်ရာရရှိခဲ့ပြီး အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။ ၎င်းက Fordyce မြို့အရှေ့ဘက် ၁၁ မိုင်အကွာရှိ နယူးအီဒင်ဘာ့ဂ်နယ်မြေမှဖြစ်ကာသေဒဏ်ထိုက်သော လူသတ်မှုသုံးခုကျူးလွန်မှုဖြင့် စွဲဆိုခံရမည်ဟု မျှော်လင့်ရသည်။ ထို့ပြင် အခြားစွဲဆိုချက်များလည်းရှိလာနိုင်ကြောင်း သိရသည်။
Fordyce မြို့၊ Mad Butcher ကုန်စုံဆိုင်တွင် လူတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုပြုနေကြောင်း ရဲတပ်ဖွဲ့ထံ ဇွန်လ ၂၁ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲခန့်တွင် ဖုံးဖြင့်အကြောင်းကြားချက်များရရှိခဲ့ရာ ရဲတပ်ဖွဲ့က ချက်ချင်းပင် ထိုနေရာသို့ သွားရောက်ကာ သေနတ်သမားနှင့် အပြန်အလှန်ပစ်ခတ်မှုများပြုခဲ့သည်။
ပစ်ခတ်မှုများအပြီး သေနတ်သမား ပိုဆီအား ရဲတပ်ဖွဲ့က ဒဏ်ရာများနှင့်ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ရဲအရာရှိနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့ရရှိသောဒဏ်ရာများက အသက်အန္တရာယ်စိုးရိမ်ရမှုမရှိကြောင်းလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ အခြားသော ဒဏ်ရာရရှိသူ အရပ်သားများတွင်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။
Gun Violence Archive ကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုမှတ်တမ်းများအရ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၌ လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှု အနည်းဆုံး ၂၃၄ မှု ရှိသွားခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော သောကြာနေ့ဖြစ်သည့် ဇွန်လ ၁၄ ရက်မှစ၍တစ်ပတ်အတွင်းတွင်ပင် လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၂၁ မှုဖြစ်ပွားခဲ့သည်။ အမေရိကန်ပြည်ထောင်စု၌ ပစ်ခတ်သူ သေနတ်သမားမပါဝင်ဘဲ အခြားလူလေးဦးနှင့်အထက်ပစ်ခတ်ခံခဲ့ရပါက လူအစုလိုက်အပြုံ လိုက်ပစ်ခတ်မှုအဖြစ် သတ်မှတ်ထားသည်။
Ref – CNN