MT News
Written by Min Mahar
ဒီဇင်ဘာ ၂၃ ရက် နေ့လည်ပိုင်းက စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးရုံးလက်ပစ်ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ၁၁ လသားအရွယ်ကလေးငယ်အပါအဝင် ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ ရက် နေ့လည် ၂ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်း ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးရုံးအား အမည်မသိသူတစ်ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“ဗုံးပေါက်ကွဲမှုကြောင့် ရုံးဝန်ထမ်း ၇ ဦးနဲ့ ဒုလ/ထဦးစီးမှူးရဲ့ သမီးဖြစ်တဲ့ ၁၁ လသားအရွယ်ကလေးမလေးပါ ထိသွားတဲ့အပြင် ရုံးစာရေးမရဲ့ ၁၇ နှစ်အရွယ်ကလေးမလေးလည်း သူ့အမေဆီလာလည်တုန်း ထိသွားသေးတယ်။ ကလေးတွေထိသွားတော့ပိုစိတ်မကောင်းဖြစ်ရတယ်” ဟု ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါလက်ပစ်ဗုံးသည် မြို့နယ်စိုက်ပျိုးရေးရုံးရှေ့ တံခါးမှန်မှတဆင့် ရုံးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ရုံးတံခါးမှန် ၂ ချပ်ကွဲခြင်း၊ ရုံးခန်းအလယ် လျှောက်လမ်းကြမ်းပြင်ပေါက်ပြဲခြင်း၊ မျက်နှာကြတ်ရှိ ၄ ပေမီးချောင်း ၂ ချောင်းကွဲကြေပျက်စီးခြင်း၊ မျက်နှာကြတ်များ ဘောစေ့ထိမှန်ပျက်စီးခြင်း(ဆုံးရှုံးမှုကာလတန်ဖိုး ၄၀,၀၀၀ကျပ်ခန့်)ဖြစ်ပေါ်ခဲ့ပြီး ရုံးခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေသည့် ရုံးဝန်ထမ်း ၇ ဦးနှင့် မိသားစုဝင် ၂ ဦး၊ စုစုပေါင်း ၉ ဦးတို့သည်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် စစ်ကိုင်းမြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ စုံစမ်းသိရသည်။