October 18, 2024

၂၁.၆.၂၀၂၄
Written By Zun

ကချင်အထူးဒေသ(၁) နယ်မြေများဖြစ်သည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ချီဖွေ၊ ကံပိုင်တည်သွား လမ်းပိုင်းများအနက်ချီဖွေ-ကံပိုင်တည် သွားလမ်းပိုင်းတွင် ကားအစီးရေ ၅၀၀ ခန့် ၅ ရက်ခန့်ကြာအောင် ပိတ်မိနေကြောင်း ဒေသခံများက MT News ကို အတည်ပြု ပြောဆိုသည်။

“အဲဒီ ကားလမ်းပိုင်းမှာ အရင် တစ်ပတ်ကျော်လောက်က တိုက်ပွဲတွေဖြစ်တယ်။ အဲဒါကြောင့် ကားလမ်းကို ပိတ်တာလို့ပဲပြောတယ်။ အခု ကားလမ်းပိတ်တာက ၅ ရက် ကြာပြီ။ လမ်းကြောင်းပေါ်မှာရှိတဲ့ တပ်မတော်ရဲ့ တပ်စခန်းတွေကို လည်း KIA က သိမ်းထားတယ်တဲ့။ ဒီနေ့ထိတော့ ပိတ်ထားဆဲပဲ။ ဖွင့်ဖို့ မသေချာဘူးတဲ့။ ကျွန်တော်တို့ ဝိုင်းမော်ကို ပြန်ပြီး ကားကို မောင်းလာတယ်။ ဝိုင်းမော်ဘက်ကနေ အတက်ကားတွေ ပိတ်မိနေတာ။ အဆင်းကတော့ သူတို့စစ်ဆေးပြီး သွားခွင့်ပြုတာတော့ ရှိတယ်”ဟု ဝိုင်းမော်မြို့ခံတစ်ဦးက ပြောသည်။

ပိတ်မိနေသော ကားများမှာ ကုန်စည်ကား၊ ခရီးသည်ကားနှင့်အိမ်စီးကားများ ဖြစ်ကြောင်း၊ ကံပိုင်တည်တွင် ငှက်ပျောကားကြီးများ၊ ကုန်စည်ကားများ ခရီးသည်ကားများ ပိတ်မိနေကာ ချီဖွေတွင် ဖီမော်၊ ပန်ဝါဘက်က ဆင်းလာသူများ ပြန်တက်မရဘဲ ပိတ်မိနေကြခြင်း ဖြစ်ကြောင်း သိရသည်။

ကချင်အထူးဒေသ(၁) နယ်မြေများဖြစ်သည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ချီဖွေ၊ ကံပိုင်တည်သွား လမ်းပိုင်းများတွင် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် နံနက်ပိုင်းကပင် တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်း ဖြစ်ပြီး တပ်မတော်စခန်းနှင့် နယ်ခြားစောင့်၊ ပြည်သူ့စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ဝိုင်းမော်မြို့နယ်ရှိ ဝါရှောင် (၁၃) ကီလို စုပေါင်းဂိတ်နှင့် ဆဒုံးဗျူဟာကုန်းများအပြင် ချီဖွေသွားလမ်းပေါ်ရှိ ရှငေါ၊ ဆီနီခူး၊ မန်ဒေါင် စသည့် ကျေးရွာများမှ တပ်စခန်းနှင့် ပြည်သူ့စစ်၊ နယ်‌ခြား‌စောင့် စခန်းများလည်း KIA၊ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ယခုအခါ ဒေသခံပြည်သူများအနေဖြင့် နီးစပ်ရာ ဘုရားကျောင်းများ စစ်ရှောင်စခန်းများသို့ စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း၊ စာသင်ကျောင်းများလည်း ပြန်လည် ပိတ်ထားရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *