၂၁.၆.၂၀၂၄
Written By Thandar
အလိုတော်ပြည့်ဆရာတော်ဘုရားကြီးအဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တအရိယဝံသရဲ့ သက်တော် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီနေ့ နယုန်လပြည့်နေ့ မဟာသမယအခါတော်နေ့ ဇွန်လ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်မှာ ဆရာတော်အသျှင်ကုမာရ ဦးဆောင်မှုနဲ့ သံဃာတော်တွေ သီလရှင်အပြင် အနှေးယာဉ်လုပ်သားတွေကို လှူဖွယ်ပစ္စည်းတချို့ လှူဒါန်းခဲ့ပါတယ်။
“နိုင်ငံတော်ရဲ့ စွမ်းဆောင်ရည်ဆုတွေ ရရှိထားတဲ့ ပြည်တွင်းပြည်ပက ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးရဲ့ သက်တော် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်လှူဒါန်းကြတာပါ။ သံဃာတော် အရှင်သူမြတ်တွေ သာသနာအဓွန့်ရှည် ပြန့်ပွားဖို့အတွက် နယုန်လပြည့်နေ့ မဟာသမယအခါတော်နေ့မှာ ဆရာတော်တွေ သီလရှင်ဆရာလေးတွေ လှူဒါန်းဖြစ်တာပါ။ နောက် အနှေးယာဉ်လုပ်သားတွေကိုလည်း အခြေခံစားသောက်ကုန်တွေကိုလည်း လှူဒါန်းဖြစ်ပါတယ်။ ဆရာတော်ရဲ့ မွေးနေ့အလှူ လှူဒါန်းရတဲ့အတွက် အေးချမ်းသာယာကြပါစေ။ လိုအင်ဆန္ဒတွေပြည့်ဝပါစေ ” လို့ ဆရာတော်အသျှင်ကုမာရက မိန့်ကြားတော်မူပါတယ်။
အဆိုပါ ကုသိုလ်ပြုအခမ်းအနားမှာအနုပညာရှင်တွေဖြစ်တဲ့ နိုင်လူ၊ လှမျိုးသဉ္ဇာနွယ်၊ အဆိုတော်ညီမင်းခိုင်၊ အဆိုတော်သားငယ် စတဲ့သူတွေအပြင် ဓမ္မမိတ်ဆွေ စေတနာရှင်က ရဟန်းသံဃာတော် အပါး ၅၀၀၊ သီလရှင်ဆရာလေး အပါး ၁၀၀ နဲ့ အနှေးယာဉ်လုပ်သား အယောက် ၁၀၀ တို့ကို ဆန်၊ ကြက်ဥ၊ ရုံးပတီသီး၊ ဘူးသီး၊ မုန့်လာဥ၊ ပဲပင်ပေါက်၊ ဆပ်ပြာအမွှေးခဲ၊ ခေါက်ဆွဲခြောက်၊ အာလူး၊ လက်ဖက်ခြောက်၊ နာနတ်သီး၊ ခရမ်းသီး၊ သခွားသီး၊ ဖရဲသီး၊ ပဲလင်းမြွေသီး၊ Royal D၊ ကြက်သွန်နီ၊ ဆား၊ ဆပ်ပြာမှုန့်၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆေးဝါး စတာတွေအပြင် နဝကမ္မအလှူငွေတွေကို လှူဒါန်းခဲ့ကြပါတယ်။