October 18, 2024

◾️ NUG ၊ PDF များ၏ ရဟန်းသံဃာ အပါး ၁၄၀ သတ်ထားမှုအပေါ်  Exile မီဒီယာများက ရေငုံနှုတ်ပိတ်နေခဲ့ပြီး ယခုဖြစ်စဉ်ကို အခွင့်ကောင်းယူကာ တိုင်းပြည်ပျက်စီးကြောင်း အချိန်ကိုက် လှုံ့ဆော်ဆောင်ရွက်နေဟု သတိပေး

၂၁. ၆. ၂၀၂၄
Written by Nyein Kyaw

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူရခြင်းမှာ ကမ္မကျေးရွာအနီး နယ်မြေရှင်းလင်းရေး ချီတက်နေစဉ် အရပ်နံပါတ်တပ် SURF ကားဖြင့် ဝင်‌ရောက်လာခဲ့ခြင်းအပေါ် လက်ပြတားဆီးခြင်း၊ သေနတ်မိုးပေါ်ထောင်ပစ် တားဆီးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း အတင်းဖြတ်ကျော်မောင်းနှင်သဖြင့် အနောက်မှပစ်ခတ်ခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်းစီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

ငါန်းဇွန်- မြို့သာ‌ဒေသများသည် မန္တလေးတိုင်းမြောက်ခြမ်းနှင့် စစ်ကိုင်းဒေသရှိ PDF များ ရွာသားအယောင်ဆောင် ဝင်ရောက်နေထိုင်ပြီး ပြန်ပေးဆွဲခြင်း၊ မိုင်းထောင်ဖောက်ခွဲများ စသည်တို့ကို မကြာခဏပြုလုပ်နေသော နေရာဖြစ်ပြီး ဖြစ်စဉ်မဖြစ်ပွားမီ ဇွန်လ ၁၈ ရက် ညနေ ၆ နာရီဝန်းကျင်ကတည်းက PDF ၅ ဦးက ဆိုင်ကယ် ၃ စီးဖြင့် မြို့သာနယ်မြေရဲစခန်းကို ပစ်ခတ်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ခဲ့သည်။

ထို့ပြင် ဖြစ်စဉ်ဖြစ်သည့် ဇွန်လ ၁၉ ရက် နံနက် ၆ နာရီခွဲချိန်တွင် ဆီမီးခုံနှင့် မန္တလေးသို့ ပြေးဆွဲနေသည့် ပြည့်စုံအောင်ယာဉ်လိုင်းမှ ယာဉ်တစ်စီးကိုလည်း ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ကမ္မကျေးရွာ၏ အနောက်မြောက်ဘက် ဖောင်းကတောနှင့် သားကျင်း‌ ကျေးရွာဘက်ကို ခေါ်ဆောင်သွားကြောင်း သတင်းရ လုံခြုံရေးအဖွဲ့ နှစ်ဖွဲ့ခွဲပြီး လုံခြုံရေးချီတက်ရှင်းလင်းစဉ် နံနက် ၁၀ နာရီခွဲခန့်တွင် ဖောင်းကတောရွာအနီးအရောက် PDF ၁၀ ဖွဲ့ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ပြီး PDF များ ကမ္မရွာဘက်သို့ ထွက်ပြေးသွား၍ ကမ္မရွာဘက်ကို ပိတ်ဆို့နိုင်ဖို့ အလျင်အမြန်ချီတက်နေချိန် ကမ္မရွာဘက်သို့ အရပ်နံပါတ်တပ်စဉ်ထားသည့် SURF အမျိုးစားယာဉ်တစ်ဦးကို တားဆီးရာ မရပ်ပေးခဲ့၍ ပစ်ခတ်ခဲ့ရကြောင်းလည်းအသေးစိတ်ရှင်းပြသည်။

“အဲဒီလုံခြုံရေးအဖွဲ့တွေဟာ ကမ္မရွာရဲ့ထိပ် ဘုရားအနီး လမ်းပေါ်မှာ ကမ္မရွာဘက်က မောင်းနှင်လာတဲ့ အရပ်နံပါတ်လိုင်စင်တပ် SURF အမျိုးစားယာဉ်တစ်စီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ယာဉ်ကို ရပ်တန့်ဖို့ အော်ဟစ်တားဆီးတာတွေ၊ လက်ပြတားဆီးတာတွေ လုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ နောက်ဆုံး သေနတ်ကို မိုးပေါ်ထောင်ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာကိုလည်း သိရှိခဲ့ရပါတယ်။ အရပ်ကား SURF ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာလည်း ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာကို အကြမ်း ဖျင်းသိရှိရပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံစိစစ် ဆန်းစစ်သွားမှာဖြစ်ပါတယ်။ သံဃာတော်အရှင်သူမြတ်များနဲ့ ဒါယိကာ၊ ဒါယကာမများ ဘုရား အဲဒီဒေသမှာ လုံခြုံရေးဆောင်ရွက်နေရတဲ့ စစ်သည်များရဲ့ တာဝန်ထမ်းဆောင်ရမှုဟာ အခက်အခဲများစွာရှိပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အရပ်ဝတ်နဲ့ပဲ အရပ်သားအယောင်ဆောင်ပြီး အပစ်မဲ့ ပြည်သူအရပ်သားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နည်းမျိုးစုံနဲ့ နှောင့်ယှက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ရန်သူ၊ မိမိ၊ သာမန်ပြည်သူလူထုကို ရုတ်တရက် ခွဲခြားနိုင်တဲ့အခြေအနေမျိုးလည်းမရှိတာ ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီလိုအခြေအနေမျိုးမှာ မြို့ရွာတွေကို ကာကွယ်နိုင်ဖို့၊ အရပ်သားပြည်သူတွေကို ကာကွယ်နိုင်ဖို့ ကြိုးစားတာဝန်ထမ်းဆောင်နေကြရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် NUG ၊ PDF များ၏ ရဟန်းသံဃာ ၁၄၀ ပါးနှင့် သီရှင် ၂ ပါး သတ်ထားပြီး ရဟန်းသံဃာ ၉၆ ပါး ဒဏ်ရာရရှိအောင် လုပ်ဆောင်ထားမှုအပေါ် ပြည်ပရောက် Exile မီဒီယာများက ရေငုံနှုတ်ပိတ်နေခဲ့ပြီး ယခုဖြစ်စဉ်ကို အခွင့်ကောင်းယူကာ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း အချိန်ကိုက် လှုံ့ဆော်ဆောင်ရွက်နေမှုကို ပြည်သူများ သတိရှိရန်လိုအပ်ကြောင်း SAC က မေတ္တာရပ်ခံထားသည်။

“တပ်မတော်အနေနဲ့ ဒီမြန်မာနိုင်ငံမှာ ယဉ်ကျေးမှု၊ ဘာသာသာသနာစည်ပင်ထွန်းကားပြန့်ပွားစေဖို့ ခိုင်မာစေဖို့ ‌ရှေးယခင်ကတည်းက တက်ကြွနိုးကြွားစွာ ဆောင်ရွက်ခဲ့တာကို ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ ဘာသာဝင်အားလုံးအသိဖြစ်ပါတယ်။ ဒီဖြစ်စဉ်တစ်ခုလောက်ကို အခွင့်ကောင်းယူပြီး ပြည်ဖျက်မီဒီယာတွေ NUG၊ PDF အမည်ခံ အကြမ်းဖက်တွေက ပျက်စီးရာ ပျက်စီးကြောင်း အချိန်ကိုက် လှုံ့ဆော်နေတာကို တွေ့ရပါတယ်။ ဒီနေ့အထိ NUG၊ PDF အမည်ခံအကြမ်းဖက်တွေရဲ့ သတ်ဖြတ်မှုကြောင့် ရဟန်းသံဃာ ၁၄၀ ပါး၊ သီလရှင် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာတစ်ခွန်းမှမပြောဘဲ ‌ရေငုံနှုတ်ပိတ်နေနေကြတာတွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို သတိရှိဖို့လိုအပ်ကြောင်း မေတ္တာရပ်ခံပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် လက်ရှိဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အကြီးတန်းအရာရှိများပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ထပ်မံစစ်ဆေးမှုဆောင်ရွက်နေပြီး စုံစမ်းဖော်ထုတ်တွေ့ရှိချက်များအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

“အဆင့်မြင့်အရာရှိများပါဝင်တဲ့ စုံစမ်းစစ်ဆေး၊ အဖြစ်မှန်ဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဖော်ထုတ်သွားပါမယ်ဘုရား။ စုံစမ်းဖော်ထုတ်တွေ့ရှိချက်များအရ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်သွားပါမည်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *