October 18, 2024

၂၁.၆.၂၀၂၄
Written by Hey Mar

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရဲ့ မဲဆောက်ဆေးရုံ အအေးခန်းထဲမှာ စွန့်ပစ်ခံထားရတဲ့ အိမ်တွင်းကြမ်းဖက်ခံပြီး သေဆုံးရသူ မထက်ထက်ဇော်ကို အသက်သေဆုံးအောင် ထိုးကြိတ်သတ်ဖြတ်ခဲ့တဲ့ ကျူးလွန်သူ ဝဠာ(ခေါ်) ဇော်ဝင်းထွဋ်ကို ထိုင်းအာဏာ ပိုင်တွေဆီ လွှဲပြောင်းပေးအပ်ဖို့ အဲဒီ့အမှုကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းအခြေစိုက် Sisters to Sisters အဖွဲ့ တာဝန်ရှိသူတွေက တရားခံကို ထိန်းသိမ်းထားတဲ့ Lion Battalion အဖွဲ့ဆီ အိတ်ဖွင့်ပေးစာတစ်စောင်ကို ဒီနေ့ဇွန်လ ၂၁ ရက်နေ့က ပေးခဲ့ပါတယ်။

အခုလိုအိတ်ဖွင့်ပေးစာ ပေးပို့ရတာက Lion Battalion အဖွဲ့အနေနဲ့ တရားခံကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းခြင်းမပြုတော့ဘဲ KNU ရဲ့ တရားစီရင်ရေးအရ အမှုစီရင်မယ်ဆိုတာကြောင့် လက်ရှိဖြစ်စဥ်က ထိုင်းဘက်အခြမ်းမှာ အမှုဖွင့်လှစ်ဆောင်ရွက်နေလို့ ထိုင်းရဲ အရေးပိုင်ဖြစ်နေပြီး တရားခံဖမ်းဆီးရမိမှ နစ်နာသူသေဆုံးသူရဲ့ မိသားစုဝင်တွေက အမှုပိတ်တာ၊ အလောင်းထုတ်ယူတာတွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တရားခံဖမ်းမမိရင် ရုပ်အလောင်းထုတ်ယူသင်္ဂြိုဟ်ခွင့်ရမှာ မဟုတ်လို့ Lion Batallion က တရားခံလွှဲမပေးချိန်မှာ အေးခဲရုပ်အလောင်းကို ထုတ်ယူသင်္ဂြိုဟ်ဖို့ အခက်အခဲကြုံနေရပါတယ်။

အိတ်ဖွင့်ပေးစာမှာ အချက်(၆)ချက်ပါရှိပြီး ပြစ်မှုကျူးလွန်သူ ကျူးလွန်ခဲ့တဲ့ အချိန်ကစပြီး ကော်သူလေးနယ်မြေမှာ Lion Battalion အဖွဲ့ထံ ခိုလှုံခဲ့တာကစ ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တွေအထိ အဆင့်ဆင့်တင်ပြထားကာ၊ ထိုင်းမြေပေါ်မှာဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုဖြစ်စဉ်မို့ ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းစီရင်စေတာက အသင့်ဆုံးလို့ Sisters to Sisters ယူဆတဲ့အတွက် Lion Battalion အဖွဲ့အနေနဲ့တရားခံကိုအမြန်ဆုံးလွှဲပြောင်းနိုင်စေရေးအတွက် ပူးပေါင်းပါဝင်ကူညီဖို့မေတ္တာရပ်ခံထားတာပါ။

Lion Battalion စစ်ကြောင်းက PDF ထောက်ပို့လည်းဖြစ်တဲ့အဆိုတော်ဝဠာကို ထိုင်းအာဏာပိုင်တွေဆီလွှဲမပေးတာက တရားခံနဲ့စစ်ကြောင်းအကြား အပေးအယူလုပ်ထားတာကြောင့်ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

“KNU တရားစီရင်ရေးက ဘာတွေလုပ်နိုင်လဲဆိုတော့ အချုပ်ချရင်လည်း ချမယ်။ တပ်ထဲဝင်တာတို့ လက်နက်ကိုင်တာတို့ တရားခံက လုပ်မယ်ဆိုလည်း ပြောရင် စစ်မှုထမ်း အသက်ခန္ဓာပေးဆပ်ပါမယ်ပေါ့၊ ဒါမျိုးတွေလည်းဖြစ်လာနိုင်တယ်။ နောက်တစ်ခုက ရှင်းရင်လည်း ရှင်းပစ်မှာပဲ။ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာပေါ့“ လို့ ထိုင်းနိုင်ငံမှာအခြေချနေတဲ့ မြန်မာလက်နက်ကိုင်အရေး သတင်းစောင့်ကြည့်နေသူ တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

Sisters to Sisters အဖွဲ့အနေနဲ့ အဆိုပါအိတ်ဖွင့်ပေးစာ မိတ္တူကို အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန (NUG)၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ထံကို ပူးတွဲပေးပို့ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *