October 18, 2024

၂၁.၆.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ ( ၂) ရပ်ကွက်တွင် နေထိုင်ပြီး အမြွှာပူးကိုယ်ဝန်အား လွယ်ထားရသော ဆင်းရဲနွမ်းပါးသည့်မိခင်မှာ ဇွန်လ ၁၈ ရက်နေ့တွင် အရပ်လက်သည်ဖြင့် မွေးဖွားရာ ကလေးတစ်ဦးမှာ သေဆုံးပြီး ကျန်ကလေးတစ်ဦးမှာ ဆေးရုံတွင် အောက်စီဂျင်ဖြင့် အသက်ကယ်ထားရကြောင့် လက်ရှိအချိန်တွင် ငွေကြေးအခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

မိခင်ဖြစ်သူမှ အသက်ရှင် ကျန်ရှိနေသည့် ကလေးငယ်ကို ဇွန်လ ၂၀ ရက်နေ့တွင် တောင်ငူဆေးရုံသို့ ဆေးကုသရန်ရောက်ရှိလာ၍ ဆရာဝန်များမှ ကလေးငယ်ကို အောက်ဆီဂျင်ပေး ကုသထားရကြောင်း သိရသည်။

ကလေးငယ်မှာ တစ်ရက်လျှင် အောက်စီဂျင် ၂ လုံးမှ ၃ လုံးအထိ အပြင်မှဝယ်သုံးနေရသောကြောင့် အောက်စီဂျင် ၄၀ လီတာ တစ်လုံးကို ၂၅၀၀၀ ကျပြီး တစ်ရက်လျှင် အောက်စီဂျင်ဖိုး ၅၀၀၀၀ မှ ၈၀၀၀၀ အထိ ဝယ်ယူရသောကြောင့် ငွေကြေးမတတ်နိုင်ကြောင်း Save The Trees Rescue Team သို့ ဆက်သွယ်အကူညီတောင်းခဲ့ကြောင်း သိရသည်။

“ရပ်ကွက် လက်သည်နဲ့ မွေးတာ ကလေးတစ်ယောက်သေတယ်။ တစ်ယောက်က ဆေးရုံမှာ အောက်စီဂျင် တပ်ထားရတယ်။ အခု အသက်ရှင်တဲ့ကလေးက ရေမွန်းသွားတာဖြစ်မယ်။ အောက်စီဂျင်တော်တော်လေးပေးထားရတယ်။ မိခင်က ငွေကြေးမတတ်နိုင်တော့ ဆေးရုံကဆင်းမယ်ပြောနေတာ။ အောက်စီဂျင်မတပ်ထားရင် ကလေးက သေမှာ။ တောင်ငူဆေးရုံက အောက်စီဂျင်စက်ရုံက ပျက်နေတော့ အပြင်က ပုဂ္ဂလိကဆေးရုံကနေ ဝယ်ရတာ” ဟု Save The Trees Rescue Team (အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုကူညီရေးအသင်း) မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

မိဘပြည်သူများအနေဖြင့် အဆိုပါကလေးငယ် အသက်ရှင်သန်ရေး လှူဒါန်းလိုပါက ဖုန်း ၀၉- ၂၅၆၆၆၆၅၇၅၊ ၀၉-၇၉၁၆၂၀၉၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Photo – Kyaw Thu Ya

Leave a Reply

Your email address will not be published. Required fields are marked *