၂၁.၇.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဝမ်ကျောက်လုံကျေးရွာနေအိမ်တစ်လုံးတွင် ဇွန်လ ၁၉ ရက် မွန်းလွဲပိုင်းက တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးထံမှ ကျား၊ ခြင်္သေ့၊ ဝက်ဝံ ၂ ကောင်နှင့်အတူ လက်နက်၊ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဖမ်းဆီးရမိသော တရုတ်နိုင်ငံသားများမှာ အားဖိတ် (၂၈နှစ်)၊ လောက်လျှိုး(၃၇နှစ်)၊ ရှောက်ဟူ(၃၈နှစ်)နှင့် လောင်ရောင်း(၄၅နှစ်)တို့ဖြစ်ကြပြီး ၎င်းတို့ထံမှ ခြင်္သေ့ အထီး (၁)ကောင်နှင့် ဘင်္ဂလား ကျားအမ (၁)ကောင်၊ ဟိမဝန္တာဝက်ဝံ အထီး (၁)ကောင်နှင့် အမ (၁)ကောင်တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် MK 12တစ်လက်၊ MK 16 တစ်လက်၊ CZ 512 တစ်လက်၊ GLock -19 တစ်လက်၊ Sig Sauer တစ်လက်နှင့် ၎င်းတို့၏ ကျည်အိမ်နှင့် ကျည်ဆန်များ၊ ဆက်သွယ်ရေးစကားပြောစက် ၈ လုံး၊ ကတ်တမင်း မူးယစ်ဆေး ၁၅၀ဂ ရမ်တို့ကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။
“ခြင်္သေ့၊ ကျားနဲ့ ဝက်ဝံတွေကို ခြံဝင်းထဲမှာ သံလှောင်အိမ်တွေနဲ့ သေချာထားတာ။ ဘယ်ကနေ သယ်လာတယ်ဆိုတာ စစ်ဆေးနေတုန်းပါပဲ။ တိရစ္ဆာန်တွေရဲ့ ပိုင်ရှင်က ထွက်ပြေးနေတယ်လို့လည်း ကြားမိတယ်”ဟု တာချီလိတ်မြို့ခံတစ်ဦးက ပြောသည်။
တရားမဝင်နေထိုင်သော တရုတ်နိုင်ငံသား၄ဦးနှင့်ပတ်သက်၍ သတင်းရရှိသဖြင့် တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့ဦးစီးမှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့နှင့် ဟောင်လိတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တရုတ်နိုင်ငံသားများနေထိုင်ရာနေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာမှ ယခုကဲ့သို့ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား၄ဦးကို မူးယစ်ဆေးဝါးမှု၊ လက်နက်မှုအပြင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မတို့ဖြင့် ဟောင်လိတ်နယ်မြေရဲစခန်း၌ အမှုဖွင့်ကာ အရေးယူထားကြောင်း သိရသည်။