၂၁. ၆. ၂၀၂၄
Written by Thettant
ဇွန်လ ၁၉ ရက်နေ့က ဘဝနတ်ထံစံမြန်းသွားသော ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီး၏ အန္တိမဈာပန ညတရားပွဲ ၃ ရက်တာပြုလုပ်မည်ဖြစ်ပြီး ကျိုက္ကလော့ဆရာတော်၊ ပါမောက္ခချုပ်ဆရာတော်(ငြိမ်း)နှင့် ယောဆရာတော်တို့က တရားရေအေးတိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။
တရားရေအေးတိုက်ကျွေးမည့်အစီအစဥ်များအဖြစ် မတ်လ ၂၄ ရက်(နယုန်ပြည့်ကျော် ၃ ရက်)တွင် ကျိုက္ကလော့ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒာဝရာဘိဝံသ၊ မတ်လ ၂၅ ရက် (နယုန်ပြည့်ကျော် ၄ ရက်)တွင် ပါမောက္ခချုပ်ဆရာတော်(ငြိမ်း) ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသနှင့် မတ်လ ၂၆ ရက် နယုန်ပြည့်ကျော် ၅ ရက်တွင် တိပိဋကယောဆရာတော် ဘဒ္ဒန္တ သီရိန္ဒာဘိဝံသအရှင်သူမြတ်တို့မှ ညစဥ် ၆ နာရီအချိန်တိုင်း တရားရေအေး တိုက်ကျွေးဟောကြားမည်ဖြစ်သည်။
၀င်းနိမ္မိတာရုံပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် လွန်တော်မူသည့်အချိန်တွင် သက်တော် (၇၈) နှစ် သိက္ခာတော် ၅၈ ဝါရှိခဲ့ပြီဖြစ်ပြီး အန္တိမအဂ္ဂိဈာပနပူဇာပွဲကြီးကို ဇွန်လ ၂၇ ရက်(နယုန်လပြည့်ကျော် ၆ ရက်) နေ့လယ် ၁ နာရီတွင် ကျင်းပမည်ဖြစ်သည်။