◾ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်ရေးအကောင်အထည်ဖော်ရမည့်ကဏ္ဍငါးခု ကြီးမားစွာလိုက်နာသည့်အဆင့် တိုးမြင့်ရရှိသော်လည်း ပြည်သူလူထု၏ အကျိုးစီးပွား ထိခိုက်စေရန် Media များဖြင့် တိုက်ခိုက်နေ
MT News
၂၁. ၆. ၂၀၂၄
တရားမဝင်ဒစ်ဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းနှင့် နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက (၁၁) ကြိမ်မြောက် မြန်မာနိုင်ငံ၏ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာအပေါ် အာရှပစိဖိတ်ဒေသ ပူးပေါင်းအဖွဲ့နှင့် ပြုလုပ်ခဲ့သည့် မျက်နှာချင်းဆိုင် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ချက်များအရ APJG မှ အကဲဖြတ်သူများအနေဖြင့် မြန်မာနိုင်ငံ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် တိုးတက်မှုရှိကြောင်းနှင့် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြုခဲ့ကြောင်း ပြောကြားသည်။
ထို့အတွက် ရလဒ်ကောင်းများအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အစီအမံ (၅) ခုသည် ကြီးမားစွာလိုက်နာ ဆောင်ရွက်ရေးအဆင့်သို့ တိုးမြှင့်ရရှိခဲ့ကြောင်း၊ အသိအမှတ်ပြုတိုးတက်မှုများ ရရှိခဲ့သော်လည်း ပြည်သူလူထု၏ အကျိုးစီးပွားကို ထိခိုက်စေရန် Media များဖြင့် တိုက်ခိုက်မှုများ ရှိနေကြောင်း၊ ယင်းအပေါ် AML/ CFT ဆိုင်ရာ အကောင်အထည်ဖော် တိုးတက်ဆောင်ရွက်များကို အများပြည်သူ သိရှိစေရန် သတင်းထုတ်ပြန်ချက်များနှင့် ရှင်းလင်းခဲ့ကြောင်း၊ စင်ကာပူနိုင်ငံတွင် မကြာမီကျင်းပပြုလုပ်မည့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ မျက်နှာစုံညီအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေးအဖွဲ့ (ICRG) လုပ်ငန်း အဖွဲ့အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်များ တက်ရောက်ရာတွင် အဓိကဆွေးနွေးသင့်သည့် အချက်များကို သိရှိထားရန် လိုအပ်ကြောင်းလည်း မှာကြားသည်။
ထို့အပြင် APJG သို့ လေးလတစ်ကြိမ် တင်ပြရသည့် တိုးတက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိသည့်အစီအမံများအား အဆင့်သတ်မှတ်ချက် ပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် တရားမဝင်ဒစ်ဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းနှင့် နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်ဟု သိရသည်။