October 18, 2024

၂၁.၆.၂၀၂၄
Translated by Htwe Ko Tun

အီတလီနိုင်ငံ၏ ကမ္ဘာကျော်ဘောလုံးအကျော်ဇေယျ ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ရောဘတ်တို ဘတ်ဂီယိုမှာ ၎င်း၏အိမ်၌ မိသားစုနှင့်အတူ ဇွန်လ ၂၀ ရက်ညက EURO 2024 ပြိုင်ပွဲတွင် အီတလီအသင်းနှင့်စပိန်အသင်းတို့၏ ပွဲကိုရုပ်မြင်သံကြား၌ ကြည့်ရှုနေခိုက် သေနတ်ကိုင်ဓား​ပြများက ဝင်ရောက်တိုက်ခိုက်ကာ မိသားစုအားလှောင်ပိတ်သော့ခတ်ထားခဲ့ပြီး ၎င်းကိုလည်း တိုက်ခိုက်မှုပြုခဲ့၍ ဆေးရုံတင်ထားရကြောင်း သတင်းများအရ သိရသည်။

လက်နက်ကိုင်ဓားပြများက အိမ်တွင်းမှ နာရီများ၊ အဖိုးတန်ကျောက်မျက်ရတနာများနှင့်ငွေများကိုလည်း ယူဆောင်သွားခဲ့ကြသည်ဟုဆိုသည်။ သို့သော် စုစုပေါင်း တန်ဖိုးမည်မျှရှိမည်ကိုမသိရသေးပေ။

အသက် ၅၇ နှစ်ရှိ ဘတ်ဂီယိုက ဗီးနစ်မြို့မှ မော်တော်ကားဖြင့် တစ်နာရီခန့်သွားရသော အီတလီနိုင်ငံ မြောက်ပိုင်းရှိ Altavilla Vicentina မြို့ငယ်လေးတွင်နေထိုင်လျက်ရှိပြီး ည ၁၀ နာရီခန့်တွင် ဓားပြငါးဦးက အိမ်အတွင်းဖောက်ထွင်းဝင်ရောက်လာကြခြင်းဖြစ်သည်။ ဘတ်ဂီယိုက ဓားပြတစ်ဦးကို ပြန်လည်ခုခံရန်ကြိုးစားရာတွင်မူ ခေါင်းကို သေနတ်ဒင်ဖြင့်အထုခံရပြီး မိသားစုနှင့်အတူ အခန်းတစ်ခန်းအတွင်း လှောင်ပိတ်ထားခြင်းခံခဲ့ရသည်။

ဘတ်ဂီယိုက ဓားပြများအဝေးသို့မရောက်မီမှာပင် မိသားစုနှင့်အတူ လှောင်ပိတ်ခံထားရသော အခန်းမှ ချိုးဖောက်ကာထွက်လာနိုင်ခဲ့သည်။ ထို့နောက်ဓားပြမှုဖြစ်ပွားပြီး မိနစ် ၄၀ အတွင်းမှာပင် ဓားပြတိုက်မှုကို ရဲသို့အ‌ကြောင်းကြားနိုင်ခဲ့သည်ဟုဆိုသည်။ ရဲတပ်ဖွဲ့က စီစီတီဗီ ကင်မရာများ၏အကူအညီဖြင့် စုံစမ်းထောက်လှမ်းမူများကိုပြုလုပ်လျက်ရှိသည်။

သို့သော် ဘတ်ဂီယိုမှာ သေနတ်ဒင်ဖြင့်အထုခံရသော‌ကြောင့် နဖူးတွင်ဒဏ်ရာရခဲ့၍ ဆေးရုံသို့ ကုသခံရန် တင်ပို့ခဲ့ရသည်။မိသားစုဝင်များမှာ တစ်စုံတစ်ဦးမျှထိခိုက်ဒဏ်ရာရခြင်းမရှိသော်လည်း အဖြစ်အပျက်ကြောင့် များစွာ ကြောက်ရွံ့ထိတ်လန့်နေကြကြောင်း သိရသည်။

Ref. Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *