October 18, 2024

◼️ အပူဒဏ်‌ကြောင့် ဒေလီမြို့တွင် အမှန်တကယ်သေဆုံးသူက ထုတ်ပြန်ချက်ထက်များနိုင်

၂၁.၆.၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် ပြင်းထန်သော အပူလှိုင်းဖြတ်သန်းမှုကြောင့် သေဆုံးရသူဦးရေမှာ အနည်းဆုံး ၅၃ ဦးအထိရှိလာခဲ့ကြောင်း ဒေလီမြို့ရှိဆေးရုံများက ဇွန်လ ၂၀ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရအနေဖြင့် ဧပြီလမှစတင်၍ နယူးဒေလီမြို့တွင် အပူချိန်အလွန်မြင့်တက်လာခဲ့မှုကြောင့် သေဆုံးရသူဦးရေကို ပထမဆုံးအကြိမ် တရားဝင်အတည်ပြုခဲ့ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

ဒေလီမြို့ကျန်းမာရေးဝန်ကြီး ဆာအူရတန် ဘာရတ်ဝတ်ဂျ်က ပြီးခဲ့သည့် ၄၈ နာရီအတွင်းမှာပင် မြို့တော်ဒေလီ၌ အပူပြင်းထန်မှုကြောင့် သေဆုံးသူ ၁၄ ဦးရှိကြောင်း ဇွန်လ ၂၀ ရက်က ပြောခဲ့သည်။ သို့သော် အဆိုပါ အပူကြောင့် ဒေလီမြို့တွင် သေဆုံးသူ ၅၃ ရှိပြီဟု ပြောကြားချက် ထိုကာလအတွင်း၌ပင် သေဆုံးသူ ၁၀၀ ကျော် မပါဝင်သေးကြောင်း သိရသည်။ ၎င်းတို့ကိုမူ မည်သည့်အတွက်ကြောင့် သေဆုံးသည်သို အလောင်းများအား ခွဲစိတ်စစ်ဆေးပြီးမှ အပူကြောင့်သေဆုံးခြင်းဟု အတည်ပြုနိုင်မည်ဖြစ်ရာ အမှန်တကယ်တွင် ဒေလီမြို့၌ အပူကြောင့်သေဆုံးသူ ၁၅၀ ကျော်အထိ ရှိလာနိုင်ကြောင်းလည်း ပြောကြသည်။

ထို့ပြင် ဆေးရုံများသို့ အပူဒဏ်ကြောင့်သေဆုံးသော်လည်း အကြောင်းမကြားဘဲနေခဲ့သူများ ရှိနေနိုင်သေးသည့်အပြင် အပူချိန်နှင့်သေဆုံးမှုအကြား အပြန်အလှန်နှီးနွယ်မှုက မကြာခဏဆိုသလိုပင် ဆက်စပ်ရယူရန်ခက်ခဲမှုတို့ကြောင့် အမှန်တကယ်အားဖြင့် ဒေလီမြို့တွင် အပူဒဏ်ကြောင့် သေဆုံးသူအရေအတွက်မှာ လက်ရှိထုတ်ပြန်ချက်ထက် မြင့်မားနိုင်သည်ဟုဆိုကြသည်။

လက်ရှိတွင်လည်း ဒေလီမြို့ရှိဆေးရုံများ၌ အပူပြင်းထန်မှုကြောင့် ကျန်းမာရေးထိခိုက်ကာ ဆေားရုံတင်ထားရသူအများအပြားရှိနေပြီး အချို့မှာ အတွင်းလူနာအခန်းများတွင် ကုသခံနေရကြောင်းလည်း သိရသည်။

ဒေလီမြို့၏ အပူချိန်မှာ ၂၀၂၄ ခုနှစ်၊ နွေရာသီ၌ အပူလှိုင်းဖြတ်သန်းမှုကြောင့် အထူးမြင့်တက်လာခဲ့ရာ မေလ ၂၉ ရက်ကဆိုလျှင် အပူချိန် ၅၂ ဒသမ ၃ ဒီဂရီ ဆယ်လ်စီးယပ်စ် (၁၂၆ ဒီဂရီ ဖာရင်ဟိုက်)အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ဇွန်လ ၁၉ ရက်အထိ ဒေလီမြို့၏အပူချိန်က ၄၃ ဒသမ ၆ ဒီဂရီဆယ်လ်စီးယပ်စ်တွင် ရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။

Ref-Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *