၂၄. ၁၂. ၂၀၂၂
Written by Pan Ei
ဂျပန်နိုင်ငံတွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် အနည်းဆုံး လူ ရှစ်ဦး သေဆုံးခဲ့ကြောင်း ဂျပန်နိုင်ငံ မီးသတ်နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ နိုင်ငံပိုင် ရုပ်သံလိုင်းဖြစ်သည့် NHK က ဒီဇင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် နှင်းမုန်တိုင်းများ တိုက်ခတ်နိုင်သည့် အန္တရာယ်ကို သတိပြုနေထိုင်ရန် မိုးလေဝသတာဝန်ရှိသူများက ဒေသခံများအား နှိုးဆော်ထားသည်။
နှင်းထူထပ်စွာ ကျဆင်းမှုကြောင့် ဟိုကီဒို၊ အာကီတာ၊ ယာမာဂါတာ၊ နိုင်ဂါတာနှင့် အစ်ရှီကာဝါ ခရိုင်ငါးခုတို့တွင် သေဆုံးမှု ရှစ်ခု ဖြစ်ပွားခဲ့ကြောင်း NHK မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
သေဆုံးသူများထဲတွင် နိုင်ဂါတာ ခရိုင်ရှိ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးသည် နှင်းများဖုံးလွှမ်းနေသည့် ကားထဲတွင် ရှိနေစဉ် ကား၏အိတ်ဇောပိုက်ကို ဆီးနှင်းများပိတ်ဆို့ပြီးနောက် သူမသည် ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ကာ သေဆုံးသွားခဲ့ရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အခြားသော သေဆုံးသူများသည် အိမ်ပတ်ဝန်းကျင်မှ နှင်းများကို ရှင်းလင်းရာမှ ယာဉ်မတော်မှုကြောင့် သေဆုံးခြင်း၊ အိမ်ခေါင်မိုးမှ ဆီးနှင်းများကို ရှင်းလင်းရာမှ မတော်တဆဖြစ်ခြင်း၊ နှင်းများအောက် နစ်မြုပ်ရာမှ သေဆုံးခြင်းတို့ကြောင့်လည်း ပါဝင်သည်။
ထိုခရိုင်ငါးခုတွင် နှင်းနှင့်ဆက်စပ်သော မတော်တဆမှုများကြောင့် လူ ၁၉ ဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထိုကဲ့သို့ နှင်းထူထပ်စွာ ကျဆင်းမှုများကြောင့် ယာဉ်ကြောပိတ်ဆို့များလည်း ဖြစ်ပွားခဲ့ကာ ဂျပန် လေကြောင်းလိုင်းမှ ခရီးစဉ် ၅၉ ခု၊ All Nippon လေကြောင်းလိုင်းမှ ခရီးစဉ် ၄၁ ခုကို ဖျက်သိမ်းခဲ့ရပြီး ခရီးသည် ၅၀၀၀ ကျော် အသီးသီး နှောင့်နှေးကြန့်ကြာခဲ့ရကြောင်း ဂျပန်တိုင်းမ်စ်က ဖော်ပြခဲ့သည်။
ဂျပန်မိုးလေဝသအေဂျင်စီ၏ ထုတ်ပြန်ချက်အရ ပြင်းထန်သောရာသီဥတုသည် တနင်္လာနေ့အထိ ဂျပန်နိုင်ငံ၏မြောက်ဘက်နှင့် အရှေ့ဘက်မှ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
Ref; CNA