၂၁. ၆. ၂၀၂၄
Written by Nay Moe
မန္တလေးတိုင်းဒေသကြီး၊ မြို့သာမြို့နှင့် ကမ္မရွာအကြားတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ စီးနင်းလိုက်ပါလာသည့်မော်တော်ယာဉ် ပစ်ခတ်ခံခဲ့ရပြီး ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ပျံလွန်တော်မူခဲ့ရကာ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် ယာဉ်မောင်းတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်ဖြစ်စဉ်နှင့် ပတ် သက်၍ ဇွန် ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
သို့ရာတွင် ဇွန် ၂၀ ရက်ညနေပိုင်း၌ လူမှုကွန်ရက်စာမျက်နှာများတွင် ဖြစ်စဉ်တွင်ပါဝင်ခဲ့သော ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ၏ ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားမှု ဗီဒီယိုဖိုင်တစ်ခုပျံ့နှံ့လျက်ရှိကြောင်း တွေ့ရှိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးသတင်းထုတ်ပြန်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ အဆင့်ဆင့်မှ သတင်းပို့တင်ပြလာသည့် အချက်အလက်များကိုအခြေခံ၍ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကြီး၏ မိန့်ကြားမှုသည် သတင်းထုတ်ပြန်ခဲ့မှုနှင့် ကွဲလွဲမှုများဖြစ်ပေါ် လျက်ရှိသည်ကို တွေ့ရှိရသည်။
သို့ဖြစ်ပါ၍ ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သည့် စိစစ်ဖော်ထုတ်မှုများ ဆောင် ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်မှန်အားသိရှိရပါက လိုအပ်သည့်အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လာသည်။
အဆိုပါဖြစ်စဥ်တွင် ကနဦးထုတ်ပြန်ခဲ့သည်မှာ PDF များက ပစ်ခတ်၍ ဝင်းနိမ္မိတာရုံဆရာတော်ကြီးပျံလွန်ခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သလို ယာဥ်မောင်းဦးကျော်ဝင်းကလည်း PDF များက ပစ်ခတ်သည်ဟုပင် ထွက်ဆိုခဲ့သော်လည်း ကန်သုံးဆင့်ဆရာတော်ဘုရားကြီးက မိန့်ကြားရာတွင်မူ ” ဘုရားတပည့်တော်ရဲ့ ရွာနဲ့ ဘုရားဝိုင်းနဲ့ တစ်မိုင်လောက်အကွာမှာ Faw ကားနဲ့တွေ့ပါတယ်။ အဲ့ Faw ကားပေါ် ဘယ်သူတွေပါတယ်ဆိုတာ ဘုရားတပည့်တော်တို့ မသိပါဘူး။ တပည့်တော်တို့ ကားဆရာကလည်း Faw ကားကို ဘေးချပြီးတော့ အတင်းမောင်းတာပါပဲ။ အဲ့ဒီလို အတင်းမောင်းတဲ့အခါ Faw ကားပေါ်က သေနတ်နဲ့ ဝိုင်းပစ်ပါတယ်။ ကားမှာ ခုနစ်ချက် ရှစ်ချက်လောက် မှန်ပါတယ်။ အဲ့ဒီလို ပစ်တဲ့အခါမှာ ဘုရားတပည့်တော်လည်း ဘာမှမသိပါ၊ သူ့လည်း ဘာမှမသိ၊ ဘုရားတပည့်တော်က တံခါးဖွင့်ပြီးတော့ အပြင်ဘက် ထွက်လိုက်ပါတယ်။ ဘုရားတပည့်တော်ရဲ့ သင်္ဃန်းသည်သွေးတွေ အလိမ်းလိမ်းအကပ်ကပ် ဖြစ်နေပါတယ်။ အဲ့ဒီလို သွေးတွေနဲ့ ဘုရားတပည့်တော်က ကားထဲ ကြည့်လိုက်တဲ့အခါ အရှင်ဘုရားတို့ရဲ့ ညီတော်/နောင်တော်၊ ဒကာ/ဒကာမတို့ရဲ့ ဆရာတော်ဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ဟာ ခေါင်းငိုက်စိုက်ကျပြီးတော့ အသက်မရှိတော့ပါဘူး။ ဝိုင်းပြီးတော့ Faw ကားပေါ်ကနေ ပစ်လိုက်တာ ၇ ချက် ၈ ချက်လောက် ရှိပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကတော့ တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းသွားပါတယ် ဘုရား။ ဘုရားတပည့်တော်ကတော့ ခေါင်းမှာ ကားရဲ့မှန်စ ထိပါတယ်ဘုရား။ ဘုရားတပည့်တော် အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေကို ဒီလောက်ရက်စက်ရသလားလို့ Faw ကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်၊ စစ်သားတွေ၊ ရက်စက်လှချည်လားလို့။ အရှင်ဘုရားတို့ကဗျာတဲ့ ဘုန်းကြီးမှန်း မသိလို့ပါတဲ့။ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားဖြစ်မှာကြောက်လို့ ပစ်ပါတယ် ဘုရားတဲ့” ဟု သံဃာတော်များနှင့်တွေ့ဆုံစဉ် ၁၀ မိနစ်ခန့်ကြာရှင်းလင်း မိန့်ကြားခဲ့ပြီး ကနဦးထုတ်ပြန်ချက်နှင့် ကွဲလွဲနေ၍ ပြန်လည်စိစစ်ဖော်ထုတ်နေခြင်းဖြစ်သည်။