October 18, 2024

၂၁.၆.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်၊ ဟာ့သ်ဖိုတ်မြို့၊ ဘရက်လီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကော်လိုရာဒိုပြည်နယ်၊ ဒင်ဗာမြို့သို့သွားရန် ပျံတက်လာသော United Airlines ပိုင် အဲယားဘတ်စ်- အေ ၃၂၀ အမျိုးအစားလေယာဉ်တစ်စီးမှာ လေဆိပ်မှပျံအတက်တွင် လေယာဉ်အင်ဂျင်တစ်လုံး၏ အသံဆူညံမှုလျှော့ချသော အနားကွပ်မျက်နှာပြင် အစိတ် အပိုင်းတစ်ခု ပြုတ်ကျမှု ဇွန်လ ၂၀ ရက်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

လေယာဉ်ပျံတက်ပြီး မကြာမီမှာပင် ပုံမှန်မဟုတ်သော ဆူညံသံတစ်ရပ်ကို လေယာဉ်အမှုထမ်းများက ကြားခဲ့ကြပြီးနောက် လေဆိပ်သို့ပြန်လည်ဆင်းသက်ခဲ့ခြင်းဟု အမေရိကန် ပြည်ထောင်စု လေကြောင်းပျံသန်းရေးစီမံခန့်ခွဲမှုအဖွဲ့(FAA)က ပြောကြားခဲ့သည်။

လေကြောင်းလိုင်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါပြုတ်ကျခဲ့သောလေယာဉ်အင်ဂျင်၏ အသံဆူညံမှုလျှော့ချသော အနားကွပ်မျက်နှာပြင် အစိတ်အပိုင်းကို ဘရက်လီလေဆိပ် ပြေးလမ်းကြောင်းအနီး ပြန်လည်တွေ့ရှိခဲ့ကြောင်းပြောခဲ့သည်။

ပြည်ထောင်စု လေကြောင်းပျံသန်းရေးစီမံခန့်ခွဲမှုအဖွဲ့ကဤဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောခဲ့သည်။ ဖြစ်ရပ်တွင် လေယာဉ်မှူးများအနေဖြင့် လေယာဉ်ကို ဘေးအန္တရာယ်ကင်းစွာလေဆိပ်သို့ ပြန်လည်ဆင်းသက်နိုင်‌ကြောင်းလည်း ပြောခဲ့ကြသည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၁၂၄ ဦးနှင့် လေယာဉ်အမှုထမ်းငါးဦးလိုက်ပါလာရာ United Airlines က ခရီးသည်များအား အခြားလေယာဉ်များသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

United Airlines လေကြောင်း၏ လေယာဉ်များ၌ ၂၀၂၄ ခုနှစ်အစပိုင်းမှစ၍ ဤကဲ့သို့ မတော်တဆ ထိခိုက်မှုများဖြစ်ပွားခဲ့ရာ လေကြောင်းလိုင်းအား လေယာဉ်ပျံသန်းမှုများအပေါ် ပို၍ကြီးကြပ်မှုပြုစေခဲ့သည်။ လေယာဉ်တစ်စင်းတွင်ဆိုလျှင် လေယာဉ်ကိုယ်ထည်၏ အပြင်ဘက်အစိတ်အပိုင်းတစ်ခု ပြုတ်ထွက်မှုဖြစ်ပွားခဲ့သည်။ နောက်တစ်စီးတွင် လေယာဉ်ပျံတက်စဉ် ဘီးတစ်လုံးကျွတ်ထွက်ခဲ့သည်။ ထို့ပြင် လေယာဉ်အင်ဂျင်မီးလောင်မှုနှင့် အခြားသောပြဿနာများလည်း ဖြစ်ပွားခဲ့သေးသည်။

လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် စကော့ကာဘီက ထိုဖြစ်ရပ်များမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုမရှိပါကြောင်းနှင့် လေကြောင်းလိုင်းအနေနှင့် လုံခြုံစိတ်ချရမှုရှိပါကြောင်း ပြောခဲ့သည်။ လေကြောင်းလိုင်း၏ အလုပ်သမားများအတွက် လုံခြုံစိတ်ချရမှုသင်တန်းကို ပြန်လည်သုံးသပ်နေကြောင်းလည်း ၎င်းကပြောခဲ့သည်။

Ref- abc News

Leave a Reply

Your email address will not be published. Required fields are marked *