October 18, 2024

၂၁.၆. ၂၀၂၄
Written by Shwe Phyo

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများမှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား ရေကြောင်းနယ်စပ်တွင် တည်ရှိနေသည့် စိန့်မာတင်ကျွန်းသို့ စားနပ်ရိက္ခာများ ပို့ဆောင်မှုကို ယာယီဆိုင်းငံ့လိုက်ကြောင်း ဘင်္ဂလားဒေရှ့်ဒေသခံများကပြောသည်။

စိန့်မာတင်ကျွန်းသည် မြန်မာနိုင်ငံကမ်းရိုးတန်းမှ ၈ ကီလိုမီတာအကွာတွင် တည်ရှိနေပြီး ခရီးသွားများသည် နတ်မြစ်ကို ဖြတ်သန်းကာ စိန့်မာတင်ကျွန်းသို့ သွားရောက်မှုများရှိနေကြောင်း သိရသည်။ ဇွန်လအစောပိုင်းတည်းက ဘင်္ဂလားဒေ့ရှ်လှေများ၊ သင်္ဘောများသည် စိန့်မာတင်ကျွန်းနားတွင် ပစ်ခတ်ခံရခြင်းများ တွေ့ကြုံခဲ့ရပြီး ပြီးခဲ့သောရက်ပိုင်းတွင် ကုန်စည်သင်္ဘောတစ်စီး၊ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များလိုက်ပါလာသော သင်္ဘောတစ်စီး၊ စပိဘုတ်လှေတစ်စီးတို့ ပစ်ခတ်ခံရခြင်းများ တွေ့ကြုံခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုများအတွင်း ထိခိုက်ဒဏ်ရာရသူများမရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက စိန့်မာတင်ကျွန်းသို့ စားနပ်ရိက္ခာပို့ဆောင်ခြင်းကို ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ပြီးကျွန်းပေါ်တွင်လူပေါင်း ၁ သောင်း ပိတ်မိနေကြောင်း သိရသည်။

ဒေသခံတစ်ဦးက စိန့်မာတင်ကျွန်းနှင့် အဓိကပြည်မကြီးကြား အပြန်အလှန်ခရီးသွားမှုများ မကြာခင် ပြန်လည်လုပ်ဆောင်နိုင်ဖွယ်မရှိကြောင်း၊ စားနပ်ရိက္ခာနှင့်ပတ်သက်ပြီးလည်း အခက်အခဲများရှိနေကြောင်း ပြောသည်။

စိန့်မာတင်ကျွန်းတွင်နေထိုင်သူတစ်ဦးက” ကော့ဘဇား ဒေသအုပ်ချုပ်ရေးအဖွဲ့ဟာ စိန့်မာတင်ကျွန်းကို အစားအစာနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေကို ကူညီထောက်ပံ့ပေးတယ်။ အခက်အခဲပြဿနာတွေကို မဖြေရှင်းနိုင်သေးဘူးဆိုရင် စိန့်မာတင်ကျွန်းကို သင်္ဘောတွေ၊ လှေတွေ လာရောက်မှာမဟုတ်သေးဘူး” ဟု ပြောသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်း စိန့်မာတင်ကျွန်းကို ပုံမှန်အတိုင်းသွားလာရန် ရေလမ်းကြောင်း ပြောင်းလဲသွားလာခဲ့သော်လည်း လှေများသည် ပင်လယ်၏ကြမ်းတမ်းမှုဒဏ်ကို ခံခဲ့ရသည့်အတွက် အောင်မြင်မှုမရ ဖြစ်ခဲ့ကြောင်း သိရသည်။

စိန့်မာတင်ကျွန်းကို ပစ်ခတ်သည့်ကျည်များလည်း ကျရောက်မှုရှိနေပြီး အဆိုပါပစ်ခတ်မှုများမှာ ရခိုင်လက်နက်ကိုင် AA က ကျုးလွန်နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် စစ်မဖြစ်လိုကြောင်း၊ သို့သော် ကျည်ထပ်မံကျရောက်ပါက တုံ့ပြန်မည်ဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောကြားထားသည်။

REF asianews

Leave a Reply

Your email address will not be published. Required fields are marked *