October 18, 2024

၂၁.၆.၂၀၂၄
Written by TZ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့၊ ကျိုက္ခမီ၊ တောင်ဖလုကျေးရွာလမ်းဝတွင် ယာဥ်မောင်းက ယာဥ်ပြင်ဆင်ရန် စက်နှိုးပြီး အင်ဂျင်အသံတစ်ခုကြားသောကြောင့် ယာဥ်အောက်သို့ ငုံ့ကြည့်ချိန် ယာဥ်မှာမတော်တဆ လှိမ့်လာရာမှ ဦးခေါင်း ယာဥ်ကြိတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇွန်လ၂၀ ရက် ညနေပိုင်းကဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ မိနစ် ၄၀ အချိန်တွင် ကားမတော်တဆလိမ့်ပြီး ကားပြင်နေသည့် အမျိုးသားတစ်ဦး ယာဥ်အကြိတ်ခံရ၍ သေဆုံးကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းသို့ ပြည်သူတစ်ဦးမှ ဖုန်းဆက်လာသောကြောင့် ဖြစ်စဥ်နေရာသို့ အသင်းယာဥ်ဖြင့် သွားရောက်ပြီး ရုပ်အလောင်းကို သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ကုန်းအဆင်းမှာဖြစ်တာ။ ယာဥ်မောင်းတဲ့သူက သူ့ကားအင်ဂျင်အသံကြားလို့ သူ့ကားကို စက်နှိုးပြီး ဂီယာဖြုတ်၊ ဘရိတ်က မမြဲဘူးဖြစ်မယ်။ အဲ့ဒီမှာ သူငုံ့ကြည့်တဲ့အချိန် သူ့ကားက ခေါင်းကိုကြိတ်မိသွားတာ”ဟု စေတနာရှင်လူမူကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ထိုယာဥ်မတော်တဆမူကြောင့် ယာဥ်ကြိတ်ခံရသည့် အမျိုးသားမှာ အသက် (၃၃) နှစ်အရွယ်ရှိပြီး ကျုံကတတ်ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – စေတနာရှင်လူမူကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *