၂၀.၆.၂၀၂၄
Written by KL
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသ ပါထိုင်ဟော့်အနီးတွင် ဇွန်လ ၁၉ ရက် ည ၁၂ နာရီခန့်က မြေရှားသတ္တုတွင်း၌ မြေပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၃၀ ကျော် ပျောက်ဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“၃၀ ကျော် ပါသွားတယ်တဲ့။ ကျွန်တော်တို့သွားကြည့်တာတော့ ကျနော်တို့ရှေ့မှာတင် ၃ ယောက်တွေ့ပါတယ်။ ကျား၂ ၊မ ၁ ပါ။ အများစုကအလုပ်သမားတွေပါ။ အရမ်းသနားစရာကောင်းပါတယ်၊”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
ပန်ဝါဒေသခံတချို့၏ ပြောကြားချက်အရ ညနက်ချိန်တွင် မြေပြိုကျသဖြင့် တောင်အောက်ရှိ အလုပ်သမားများနေထိုင်သော အိမ်များပေါ် ပိမိကာ မြေကြီးများ ဖုံးလွှမ်းသွားပြီး လူ ၅၀ ခန့် နစ်မြုပ်ပျောက်ဆုံးနေသည်ဟုလည်း ပြောဆိုမှုများ ရှိနေသည်။
မြေပြိုမှုဖြစ်ပွားသဖြင့် သတ္တုဆိုက်မှ အလုပ်သမားများ၊ ထင်းခွဲသူများ၊ မြေသြဇာအတင်အချလုပ်သော အလုပ်သမားများ ပျောက်ဆုံးနေကြောင်း မြေပြိုကျသောနေရာသို့ ရောက်ရှိနေသူ တစ်ဦးက ပြောသည်။
အလားတူ ဇွန်လ ၄ ရက်က ပန်ဝါမြို့ရှိ မြေရှားသတ္တုလုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုဖြစ်ပွားသဖြင့် အလုပ်သမား ၁၂ ဦးပျောက်ဆုံးခဲ့ပြီး ၅ ဦး၏ ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့သည်။
ပုံစာ။ မြေပြိုမှုဖြစ်ပွားသည့်နေရာနှင့် သေဆုံးသူတစ်ဦးပုံရိပ်။