October 18, 2024

၂၀. ၆. ၂၀၂၄
Written by Nay Moe

မတူပီမြို့ကိုသိမ်းနေတဲ့ AA နဲ့ ချင်းညီနောင် ပစ်ခတ်သတ်ဖြတ်တာကြောင့် ချင်းအမျိုးသားတပ်ဦး(CNA) ရဲ့ ဗျူဟာမှူးအဆင့်ရှိတဲ့ ဒုဗိုလ်မှူးကြီးလာယ်ဘိခ်ထန်း(Lal Bik Thang) ဒီနေ့မနက်မှာ သေဆုံးသွားတယ်လို့ ဒေသတွင်းတိုက်ပွဲသတင်းတွေအရ သိရပါတယ်။

“ချင်းအမျိုးသားတပ်မတော် (CNA) မှ ဒုတိယဗိုလ်မှူးကြီး Lieutenant Colonel Lal Bik သည် အာရက္ခတပ်တော် AA/ Chin Brotherhood တို့လက်ချက်ဖြင့် ယနေ့ကျဆုံးသွားလေပြီ။” လို့လည်း ချင်းကျောင်းသားလူငယ်ခေါင်းဆောင် ဆလိုင်းသန်းနိုင်က ဆိုပါတယ်။

ချင်းပြည်နယ် မတူပီမြို့က တပ်စခန်းတွေ သိမ်းယူနိုင်ဖို့ ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီး ဦးဆောင်မှုအောက်မှာ CNA/CDFs တပ်ဖွဲ့တွေက စစ်မျက်နှာတိုးမြှင့်ဖွင့်ထားတဲ့အတွက် မတူပီ-ပလက်ဝလမ်း၊ မတူပီ-ကန်တောင်လမ်း၊ မတူပီ-ဟားခါးလမ်း နှင့် မတူပီ-လိုင်လဲန်းပီလမ်းကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီလို့ ဒီနေ့ ထုတ်ပြန်လာတာဖြစ်ပြီး ထုတ်ပြန်ချက်ကို ပြည်သူတွေ လိုက်နာခြင်းမရှိရင် ကြီးလေးတဲ့ ပစ်ဒဏ်ခံယူရမှာဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ လိုက်နာခြင်းမရှိရင် ပစ်မိန့်ပေးတယ်လို့လည်း CDF-မတူပီ တပ်မဟာ (၂) ကထုတ်ပြန်ချက်မှာ ဖော်ပြလာပါတယ်။

CNA/CDF ဘက်ရဲ့ ဒီနေ့ ထုတ်ပြန်ချက်ထုတ်အပြီးမှာပဲ AA နဲ့ ချင်းညီနောင်ပူးပေါင်းအဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး ဒီပစ်ခတ်မှုတွေကြားမှာပဲ လာယ်ဘိခ်သေဆုံးခဲ့တာဖြစ်တယ်လို့ ကနဦးသိရပါတယ်။

စစ်ရေးအရ အချက်အချာကျတဲ့ မတူပီမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် AA ဦးဆောင်မှုအောက်က NUG ဩဇာခံ ချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့တွေက ဇွန်လ ၉ ရက်နေ့ကတည်းက ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်နေသလို ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ CNA/CDF တပ်ဖွဲ့တွေကလည်း လုပ်ဆောင်နေတာကြောင့် အငြင်းပွားနေသလို ဇွန်လ ၁၇ ရက်မှာလည်း AA နဲ့ ချင်းညီနောင်က CNA/CDF အဖွဲ့ဝင်တစ်ဦး ဖမ်းလိုက်လို့ ဇွန်လ ၁၈ ရက်မှာ CNA/CDF က သွားရောက်တိုက်ခိုက်လို့ AA နဲ့ ချင်းညီနောင်ပူးပေါင်းတပ်ဘက်က ၂ ယောက်သေပြီး အများအပြားဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်က AA နဲ့ ချင်းညီနောင်အဖွဲ့တွေ ဖမ်းဆီးထားတဲ့ ချင်းလဲန်းကောင်စီရဲဘော် ဆလိုင်း ရမ်ထန်း (Salai Ram Thang) ဟာလည်း AA နဲ့ ချင်းညီနောင် သတ်ဖြတ်လိုက်လို့ သေဆုံးသွားပြီလို့လည်း Chinland News မှာ ဖော်ပြထားပါတယ်။

CDF-မတူပီမှာ တပ်မဟာ (၁) နဲ့ (၂) ရှိနေပြီး တပ်မဟာ (၁) ဟာ AA နဲ့ NUG ​ဩဇာခံ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး တပ်မဟာ (၂) ဟာ Chinlad Council အဖွဲ့ဝင်ဖြစ်သလို AA တပ်ဖွဲ့ဟာ ချင်းလူမျိုးတွေကို ကျောင်းသူပါမချန် မုဒိမ်းကျင့်တာ၊ မူးယစ်ဆေးဖြန့်တာ၊ စစ်သားစုတာ၊ အနိုင်ကျင့်နှိပ်စက်တာကြောင့် Global Khumi Organization က ရှုတ်ချကန့်ကွက်စာ ထုတ်ထားသလို AA ဦးဆောင်မှုအောက်က ချင်း PDF တွေနဲ့ AA ကို မနှစ်သက်တဲ့ ဌာနေချင်းလက်နက်ကိုင်တွေအကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *