October 18, 2024

၂၀.၆.၂၀၂၄
Translated by Htwe Ko Tun

တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ အလုပ်သင်ဆရာဝန်များရဲ့ ဆန္ဒပြမှုက အခုအခါဆိုရင် လေးလခန့်ရှိလာခဲ့ပြီဖြစ်ပေမယ့် ဆန္ဒပြသူတွေနဲ့အစိုးရအကြား ပြေလည်တဲ့ ဖြေရှင်းမှုလည်းမရဘဲ ကာလကြာရှည်မှုနဲ့အတူ ပြည်သူတွေအတွက် ကျန်းမာရေးကဏ္ဍမှာ အထူးအခက်အခဲတွေ့နေရကာ အစိုးရရော၊ ဆန္ဒပြဆရာဝန်တွေအပေါ်ပါ လူထုက ပြင်းထန်စွာဝေဖန်မှုတွေ ပိုလို့ မြင့်တက်လာစေတယ်လို့ သိရပါတယ်။

အခုရက်သတ္တပတ်အတွင်းမှာ အဆင့်မြင့်ဆရာဝန်ကြီးတွေနဲ့ ဆေးဘက်ဆိုင်ရာပါမောက္ခတွေကပါ ကာလကြာရှည်ပြီဖြစ်တဲ့ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်လိုက်ကြတဲ့အခါမှာတော့ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အကျပ်အတည်းအခြေအနေက ပိုလို့ဆိုးဝါးလာစေခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ အစိုးရက ဆေးကောလိပ်တွေကိုနှစ်စဉ်ကျောင်းသားခေါ်ယူမှု အယောက် ၂,၀၀၀ အထိ တိုးမြှင့်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ အခြေခံ ပြဿနာတွေအပေါ် ဖြေရှင်းမှုမပေးဘဲ ဒီလိုစီစဉ်မှုကို လက်မခံနိုင်ဘူးဆိုပြီး ဆရာဝန်တွေဘက်က မကျေမနပ်ဖြစ်ကာ အငယ်တန်းနဲ့ အလုပ်သင်ဆရာဝန် ၁၂,၀၀၀ ကျော်က ဆန္ဒပြမှုကို စတင်ခဲ့ကြတာပါ။ အစိုးရကလည်း နိုင်ငံမှာ ဆေးပညာရှင်တွေလိုအပ်နေမှု‌ ပြဿနာကိုဖြေရှင်းနိုင်ဖို့ ဒီလိုစီစဉ်ခဲ့တာလို့ဆိုပေမယ့် ဆန္ဒပြဆရာဝန်တွေကလည်း သူတို့ရဲ့ လစာတိုးမြှင့်ပေးဖို့အတွက် တောင်းဆိုမှုတွေကို လျစ်လျူ ပြုကာ ခုလိုစီစဉ်ခဲ့တာကို မကျေမနပ်ဖြစ်ခဲ့ကြတာပါ။

ကိုရီးယားဆေးဘက်ဆိုင်ရာအသင်းက ဦးဆောင်ပြီး ထောင်နဲ့ချီတဲ့ဆရာဝန်တွေက ဆိုးလ်မြို့မှာ ဇွန်လ ၁၈ ရက်က ဆန္ဒပြခဲ့ကြမှုမှာတော့ ပုဂ္ဂလိကဆေးဘက်ပညာရှင်တွေကပါ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီမတိုင်ခင်တစ်ရက်ကလည်း ဆေးဘက်ဆိုင်ရာပါမောက္ခတွေ ၅၀၀ ကျော်ကပါ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြသေးတာပါ။ တချို့ဆေးကောလိပ်ကျောင်းသားတွေဆိုရင်လည်း ဆေးကျောင်းတွေမှာ သူတို့စာရင်းသွင်းတက်ရောက်ဖို့နှောင့်နှေးနေတာ ဒါမှမဟုတ် သပိတ်မှောက်ပြီးတက်ရောက်မှုမရှိတာတွေကိုပါ တွေ့လာရပါတယ်။ သူတို့ကလည်း အစိုးရရဲ့ ကျန်းမာရေးကဏ္ဍဆိုင်ရာအစီအစဉ်က တစ်ချိန် သူတို့ဘွဲ့ရလို့ဆရာဝန်ဖြစ်လာချိန်မှာလည်း အကျိုးသက်ရောက်မှုရှိလာလိမ့်မယ်လို့ ပြောလာခဲ့ကြပါတယ်။

လနဲ့ချီပြီဖြစ်တဲ့ ဆန္ဒပြမှုမှာ နှစ်ဖက်စလုံးက အလျှော့မပေးတင်းခံနေကြတာကြောင့် နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်က မကြုံဖူးတဲ့ ဆိုးဝါးမှုတွေနဲ့ရင်ဆိုင်လာခဲ့ရတာပါ။

အခုအခါမှာဆိုရင်ဆေးရုံတွေမှာ ဆေးကုသပေးမယ့်ဆရာဝန်တွေမရှိတာကြောင့် လူနာတွေကိုလက်ခံမှုမပြုနိုင်တဲ့အခြေ အနေကိုရောက်နေရပါတယ်။ လေ့လာသူတွေကလည်းနှစ်ဖက်စလုံးကို ညှိနှိုင်းဆွေးနွေးမှုတွေပြုကြဖို့ တိုက်တွန်းလျက်ရှိပါတယ်။ ဒါပေမယ့် ခုအချိန်မှာ အပေးအယူလုပ်ညှိနှိုင်းနိုင်ကြဖို့က တကယ်ကို မလွယ်ကူဘူးဆိုတာ သူတို့ကိုယ်တိုင်လည်းဝန်ခံထားကြပါတယ်။

ဒါကြောင့်လည်း လနဲ့ချီကြာလာပြီဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်းက ဘယ်အချိန်မှာ အဆိုးဝါးဆုံးအဆင့်ကိုရောက်စေမလဲ။ အစိုးရဘက်က အသာရခဲ့ရင်တောင်မှ ဆန္ဒပြဆရာဝန်တွေအပေါ် ဘယ်လိုသဘောထားမလဲ။ သူတို့ကရော လုပ်ငန်းခွင်ကို တောင်းဆိုချက်တွေမရဘဲ ပြန်ဝင်ကြပါ့မလား စသည်ဖြင့်ကျော် လွှားရမယ့်အခက်အခဲ အများအပြားရှိနေတယ်လို့ ဆိုရမှာပါပဲ။

Ref-CNA

Leave a Reply

Your email address will not be published. Required fields are marked *