October 18, 2024

၂၀.၆.၂၀၂၄
Written by TZ

ယနေ့ ဇွန်လ ၂၀ ရက် နေ့လည် ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် နေပြည်တော်-တောင်ညို- ကန်ပြားလမ်း မိုင်တိုင် (၁၆) ၊ အမေညိုထမင်းဆိုင်အနီးတွင် Express ခရီးသည်ယာဥ်ကို Taxi ယာဥ်က အရှိန်လွန်၍ မျက်နှာချင်းဆိုင်တိုက်မိရာမှ Taxi ယာဥ်ပေါ်တွင် လိုက်ပါလာသည့်ခရီးသည် ၃ ဦးအနက် ၁ ဦးစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဆင်ဖြူကျွန်းမှ ရန်ကုန်သို့ မောင်းနှင်လာသည့် “ရွှေပြည်ဟိန်း”ခရီးသည်ယာဥ်ကို ရန်ကုန်မှ မြို့သစ်သို့ မောင်းနှင်လာသည့် Taxi ယာဥ်က “အမေညို”ထမင်းဆိုင်အနီးရှိ ကွေ့ကြောတွင် အရှိန်လွန်၍ မျက်နှာချင်းဆိုင်တိုက်မိရာ Taxi ယာဥ်ထဲ လိုက်ပါလာသည့် ခရီးသည် (၃) ဦးဒဏ်ရာရခဲ့သည့်အနက် (၁) ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါလူနာများကို ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်လိုက်သောကြောင့် MT News မှ မြေပြင်ကွင်းဆင်း၍ ထိုဆေးရုံ၌ ဆေးကုသနေသည့် ညာဘက်ညှပ်ရိုးကျိုး အမျိုးသားကို မေးမြန်းရာ “တော်သေးတယ် Express ယာဥ်က ချက်ခြင်းရပ်လိုက်လို့။ ကျွန်တော်တို့ Taxi ယာဥ်ပေါ်မှာ လိုက်လာတဲ့သူ ယာဥ်မောင်းအပါ ၄ ဦး။ ခရီးသည် ၃ ယောက်ဒဏ်ရာရတယ်။ ၁ ယောက်က ပြင်းတယ်။ အကုန်လုံးက တွံတေးကပဲ။ ခရီးသည်ယာဥ်ထဲက သူတွေတော့ဘာမှမဖြစ်ဘူး။ ကျွန်တော့်ကိုတော့ ဆေးရုံကဆင်းခိုင်းတယ်”ဟု Taxi ယာဥ်ပေါ်မှ လိုက်ပါလာသည့် ဒဏ်ရာရရှိသည့် အမျိုးသားတစ်ဦးက ဖြေကြားသည်။

ယာဥ်တိုက်မူကြောင့် ဒဏ်ရာရရှိသည့် အမျိုးသား (၃) ဦးတွင် (၁) ဦးမှာ ဦးခေါင်းပွင့်ထွက်၊ သွေးထွက်များ၍ သတိလစ်နေပြီး၊ နောက်ထပ် အမျိုးသား (၁) ဦးမှာ ဘယ်ညာ ညှပ်ရိုးကျိုးပြီး ဘယ်ဘက်မျက်ခုံးကွဲကာ ကျန်အမျိုးသား (၁) ဦးမှာ ညာဘက်ညှပ်ရိုးကြိုး ဒဏ်ရာရရှိခဲ့ကြောင်း လက်ရှိအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ ကုတင် (၁၀၀၀) ဆေးရုံ၌ ဦးခေါင်းပွင့်ထွက်အမျိုးသားနှင့် ညာဘက်ညှပ်ရိုးကျိုး အမျိုးသားတို့မှာ လက်ရှိအချိန်ထိ ဆေးကုသမူခံယူနေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *